BBC navigation

ဝန်ကြီးသစ် ၂ ဦးခန့်ဖို့ သမ္မတ အဆိုပြု

နောက်ဆုံး ရေးသားချိန် 8 ဖေဖေါ်ဝါရီလ 2013 - 16:11 GMT
thein htay

ဗိုလ်ချုပ်ကြီး သိန်းဌေးကတော့ စစ်ဘက်တာဝန်တွေ ပြန်ထမ်းဆောင်နိုင်

မကြာသေးခင်က ရာထူးက အနားပေး ခံခဲ့ရတဲ့ ဆက်သွယ် ရေးနှင့် သတင်းအချက် အလက် ဝန်ကြီး နေရာမှာ အစားထိုး ခန့်အပ်ဖို့ အတွက် လေတပ်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်ကြီး မြတ်ဟိန်းကို သမ္မတ ဦးသိန်းစိန်က အဆို ပြုလိုက် ပါတယ်။

နယ်စပ် ရေးရေရာ ဝန်ကြီး ဗိုလ်ချုပ်ကြီး သိန်းဌေးရဲ့ နေရာမှာလည်း ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းကို အဆိုပြု ပါတယ်။

သူတို့နှစ်ဦး နဲ့ပတ်သက်ပြီး လက်လှမ်း မှီသလောက် လွှတ်တော် အမတ်တွေကို မေးကြည့်တော့ စစ်တပ်က သူတွေဖြစ်လို့ ထဲထဲ ဝင်ဝင်တော့ သိပ်မသိကြတဲ့ အကြောင်းနဲ့ သမ္မတက သင့်တော်လို့ ရွေးတယ်လို့ဘဲ ပြောကြ ပါတယ်။

ဒါပေမယ့် လည်း တပ်မှူးဟောင်း တစ်ဦး ဖြစ်တဲ့ မကွေးတိုင်း အမျိုးသား လွှတ်တော်အမတ် ဦးလှဆွေကတော့ လေတပ်ဦးစီးချုပ်ဟောင်း ဦးမြတ်ဟိန်းက ပင်စင်သက် နီးတာကြောင့်နဲ့ လေတပ် ဦးစီးချုပ် တာဝန် ယူခဲ့တာ ကြာမြင့်လို့ မျိုးဆက်သစ်ကို တာဝန် ပေးချင်တာလည်း ပါဝင် နိုင်တယ်လို့ပြောပါတယ်။

ဒါကတော့ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ဝန်ကြီး အသစ် ဖြစ်လာမယ့် လေတပ် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးမြတ်ဟိန်း အကြောင်းဖြစ်ပါတယ်။

တခါ နယ်စပ်ရေးရာ ဝန်ကြီး အဖြစ် အမည် စာရင်း တင်သွင်းထားတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း ကတော့ ဘွဲ့ရပြီး စစ်ထဲဝင်တဲ့ အိုတီအက် အပတ်စဉ် ၅၆ ကဖြစ်ပါတယ်။

မော်လမြိုင် အခြေစိုက် အရှေ့တောင်တိုင်း တိုင်းမှူး ဘဝတုန်းက မွန်ပြည်နယ် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ လုပ်ခဲ့ဘူးသူဖြစ်တယ်။

အခု နောက်ဆုံး တာဝန် ယူခဲ့ရတာက ကြည်တပ် စစ်ဆင်ရေးအထူး ကစထ မှူးတာဝန် ဖြစ်ပါတယ်။

သူက တပ်တွင်းမှာ တည်ငြိမ်ပြီး ဆက်ဆံရေး ကောင်းသူဖြစ်လို့ နယ်စပ်ရေးရာ ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင် နိုင်မယ်လို့ သူနဲ့အတူ တာဝန် ထမ်းဆောင်ခဲ့ ဖူးတဲ့ ဦးလှဆွေက ပြောပါတယ်။

နယ်စပ်ရေးရာ ဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီး သိန်းဌေးကိုတော့ စစ်ဘက် တာဝန် တွေကို ပြန်ထမ်းဆောင် စေမယ်လို့ သမ္မတက ပြည်ထောင်စု လွှတ်တော်ကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖေါ်ပြထားပါတယ်။

ဝန်ကြီးအသစ် နှစ်ဦးခန့်ဖို့နဲ့ ပတ်သက်ပြီး ကန့်ကွက်လိုတဲ့ သူရှိရင် အမတ်တွေက အခုလ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး အမည် စာရင်းပေးသွင်း ရမှာဖြစ်တယ်။ ကန့်ကွက် တဲ့သူ မရှိရင်တော့ အဲ့ဒီ ရက်နောက်ပိုင်း ဝန်ကြီးတွေ အဖြစ် တာဝန် ခန့်အပ်ခြင်း ခံရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။