BBC navigation

အာရှ ဖွံ့ဖြိုးရေးဘဏ်က မြန်မာကို ကူညီမယ်

နောက်ဆုံး ရေးသားချိန် 9 ဖေဖေါ်ဝါရီလ 2013 - 17:35 GMT

မြို့ပြ လူအဖွဲ့ အစည်းမှာ လိုအပ် နေတဲ့ အခြေခံ အဆောက် အအုံပိုင်း ဆိုင်ရာ ကူညီမှုလည်း ပေးမယ်

အာရှ ဖွံ့ဖြိုးရေး ဘဏ် ADB ကနေ မြန်မာ နိုင်ငံကို အမေရိကန် ဒေါ်လာ သန်း ၅၀ လောက် ပမာဏ ရှိတဲ့ ချေးငွေ အကူအညီ ကို လာမယ့် လပိုင်း အတွင်း စပြီး ကူညီ ထောက်ပံ့တော့ မယ်လို့ ပြောပါတယ်။

ADB ရဲ့ ထောက်ပံ့ ကူညီတဲ့ ချေးငွေနဲ့ ပတ်သက်ပြီး အဲဒီ ဘဏ်က အရှေ့တောင် အာရှ ဆိုင်ရာ ဖွံ့ဖြိုးမှု ဌာနခွဲ ညွှန်ကြားရေးမှူး မစ္စတာ ကူနီယို ဆန်ဂ က သောကြာနေ့က ရန်ကုန် မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောကြား ပါတယ်။

''လူသား အရင်း အမြစ် စွမ်းဆောင်ရည်ပိုင်း ဆိုင်ရာ တိုးတက်ရေး နဲ့ အဖွဲ့ အစည်း တွေ ခိုင်မာ သန်စွမ်းရေး တို့ကို ရည်ရွယ်ပြီး အမေရိကန် ဒေါ်လာ ၂၃ သန်း ကို အကူ အညီပေးတဲ့ နေရာမှာ သုံးစွဲဖို့ ရည်ရွယ် ထားတယ်။ ကျေးလက် လူထု အသက်မွေး ဝမ်းကြောင်း ဘဝ ဖွံဖြိုး တိုးတက်ရေး ၊ အိတ်ချ် အိုင်ဗွီ အေအိုင်ဒီအက်စ် အရေး ကိစ္စ နဲ့ မြို့ပြ လူအဖွဲ့ အစည်းမှာ လိုအပ် နေပြီး သိပ်မကြီးကျယ်တဲ့ အခြေခံ အဆောက် အအုံပိုင်း ဆိုင်ရာ ဥပမာ ရေ လိုအပ်ချက်လို ပြဿနာတွေ ဖြေရှင်းရေး ပိုင်းမှာ လုပ်ဆောင် သွားဖို့ ဒေါ်လာ ၁၇ သန်း သုံးစွဲ မှာ ဖြစ်တယ် လို့'' ပြောပါတယ်။

နောက်ထပ် အသေးစား ပရော့ဂျက် တွေ လည်း လုပ်သွားမှာ ဖြစ်တဲ့ အတွက် စုစုပေါင်း ဒေါ်လာ သန်း ၅၀ လောက် ရှိနိုင်တယ် လို့လည်း သူက ပြောပါတယ်။ ဒါပေမယ့် ဒီပရော့ဂျက်တွေ က သူတို့ ပုံစံ ထုတ်နေတဲ့ အဆင့်မှာပဲ ရှိသေးပြီး မြန်မာ အစိုးရနဲ့ တိုင်ပင် နေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အစောဆုံး မျှော်မှန်း နိုင်တာ ကတော့ ဒီလုပ်ငန်းတွေ လာမယ့် မတ်လ ကုန်ပိုင်း လောက်မှ ဖြစ်နိုင် လိမ့်မယ်လို့ လည်း မစ္စတာ ဆန်ဂက ခန့်မှန်းပါတယ်။
ADB အာရှ ဖွံ့ဖြိုရေး ဘဏ်ဟာ ကမ္ဘာ့ဘဏ်နဲ့ ပူးတွဲ ဆောင်ရွက် နေတာ ဖြစ်ပြီး မြန်မာ အစိုးရက နိုင်ငံရေး အရ ပြုပြင် ပြောင်းလဲမှုတွေ လုပ်လာပြီး၊ ကြွေးဟောင်း တွေ ပြန်ဆပ်တဲ့ အပေါ်မှာ အခုလို ချေးငွေ အသစ်တွေ ချေးဖို့ စတင် လုပ်လာတာ ဖြစ်ပါတယ်။

သူတို့ အနေနဲ့ ချေးငွေ ပရော့ဂျက် တွေ ချပေးရင် အစိုးရ အဖွဲ့အစည်း တွေက တဆင့်သာ လုပ်ဆောင် သွားမယ် လို့လည်း ဆိုပါတယ်။

ဒီ သတင်းစာ ရှင်းလင်းပွဲကို တက်ရောက် လာတဲ့ ADB အာရှ ဖွံ့ဖြိုရေး ဘဏ် ဥက္ကဌ ဟရူဟီကို ကူရိုဒါ ကလည်း ADB နဲ့ ကမ္ဘာ့ဘဏ်တို့ အနေနဲ့ အဖွဲ့ဝင် ဖွံ့ဖြိုးဆဲ နိုင်ငံ တွေကို သင့်တော်တဲ့ စီမံကိန်း တွေမှာ ကူညီ ထောက်ပံ့ကြောင်း၊ ဒါပေမယ့် ပရောဂျက် စီမံကိန်းတွေ ကို အမြဲတမ်း စောင့်ကြည့် သွားမှာ ဖြစ်ပြီး အဂတိ လိုက်စား မှုတွေ မရှိအောင် ကြည့်ရှု သွားမယ် လို့လည်း ပြောဆို သွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။