BBC navigation

အိန္ဒိယ မြန်မာ နယ်စပ် ချောင်းကူး တံတားပေါ် ဗုံးကွဲ

နောက်ဆုံး ရေးသားချိန် 9 ဖေဖေါ်ဝါရီလ 2013 - 01:13 GMT

အိန္ဒိယ သမ္မတ မြန်မာ နိုင်ငံ လာရောက်စဉ်


အိန္ဒိယ မြန်မာနယ်စပ် တမူး စေတီ ပြည်ထောင်စုလမ်းမပေါ်က ချောင်းကူးတံတားမှာ မနေ့မနက်က မိုင်းတလုံးကွဲခဲ့လို့ တံတားပျက်စီးပြိုကျခဲ့ပါတယ်။

ဒီဒေသမှာ မြန်မာအစိုးရကို တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းမရှိဘဲ ဘယ်လိုကြောင့် ဒီလိုဖြစ်ရသလဲ အခြေအနေအသေးစိတ်ကိုတော့ မေးကြည့်တော့ စစ်ကိုင်းတိုင်း တမူးမြို့နဲ့ မိုင် ၂၀ အကွာမှာရှိတဲ့ မြို့သစ်မြို့နယ်ထဲက အရှည်ပေ ၂၄၀ရှိတဲ့ သံဘောင် ဘေလီတံတားဟာ ဖေဖေါ်ဝါရီလ ရ ရက်မနက်က မိုင်းကွဲခဲ့လို့ ရေလယ်တိုင် ၃တိုင် ပြိုလဲသွားပြီး ပေ ၆၀ ကျော် ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေကဘီဘီစီကို ပြောပါတယ်။

ဒီကိစ္စဘယ်သူတွေရဲ့ လက်ချက်ဖြစ်နိုင်လဲဆိုတာ သိနိုင်ဖို့ တမူးခရိုင်ရဲတပ်ဖွဲ့ရုံးကို ဘီဘီစီက ဆက်သွယ်ကြည့်တော့ သူတို့ မသုံးသပ် တက်ဘူး ၊ ဒါဟာ လူကြီးတွေ သုံးသပ်ရမယ့် ကိစ္စ ဖြစ်တယ်လို့ တမူးခရိုင် ရဲတပ်ဖွဲ့ရုံးက ၀န်ထမ်းတဦးက ဖြေကြား သွားခဲ့ပါတယ်။

မြန်မာစစ်တပ်ပိုင် မြ၀တီ သတင်းဌာနရဲ့ အင်တာနက် စာမျက်နှာမှာတော့ သောင်းကျန်းသူ အဖွဲ့တချို့ရဲ့ လက်ချက်လို့ ရေးထားပြီး လက်သည် တရားခံကို ဖေါ်ထုတ်နိုင်ဖို့ စုံစမ်းနေတယ်လို့ဘဲ ရေးထားပါတယ်။

ဒီလိုဖြစ်လာတာဟာ မြန်မာဘက်ခြမ်းမှာ ခိုလှုံနေတဲ့ အိန္ဒိယ ခွဲထွက်ရေး သူပုန်တွေကို ပြန်မောင်းထုတ်ချင်လို့ ဖန်တီးတာ ဖြစ်နိုင်ကြောင်း မိုရေးမြို့မှာနေတဲ့ အိန္ဒိယ မြန်မာနယ်စပ် အရေးလေ့လာနေသူ တယောက်က ဆိုပါတယ်။

တမူး ပတ်၀န်းကျင် အပါအ၀င် ချင်းပြည်နယ်နဲ့ ခုအခင်းဖြစ်တဲ့ ကဘော်ချိုင့်၀မ်းဒေသတွေမှာ အိန္ဒိယဘက်က ခွဲထွက်ရေးသူပုန်တွေဟာ မြန်မာအစိုးရနဲ့ နားလည်မှုယူပြီး အခြေစိုက်စခန်းတွေဖွင့်နေလာတာဟာ ၁၀စုနှစ် ၂ခုနီးပါးရှိနေပြီလို့ ဒေသခံတွေ ကလည်း ပြောကြပါတယ်။

မြန်မာဘက်က အစိုးရ အသစ် တက်လာပြီးတဲ့ နောက်ပိုင်း အိန္ဒိယ မြန်မာ ထိပ်ပိုင်း ခေါင်းဆောင်တွေ တွေ့ဆုံတဲ့ အခါတိုင်းမှာ နှစ်နိုင်ငံ နယ်စပ် ငြိမ်းချမ်းရေးအတွက် ခွဲထွက်ရေး သူပုန်တွေကို ရှင်းလင်းပေးဖို့ ညှိနိုင်းခဲ့တာတွေလည်းရှိခဲ့ပါတယ်။

ဒီလိုဆွေးနွေးပွဲတွေနောက်ပိုင်း အိန္ဒိယအစိုးရဘက်က စစ်မြေပြင်သုံးပစ္စည်းတွေကို နယ်စပ်ကနေ တရား၀င်ကူညီထောက်ပံ့ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကဘဲ တမူးမြို့မှာသိမ်းဆည်းထားတဲ့ အိန္ဒိယခွဲထွက်ရေး ကသည်းသူပုန်တွေရဲ့ လက်နက်တွေကို မြန်မာအစိုးရက ဖမ်းခဲ့သလို မြန်မာမြေမှာ ခိုလှုံနေတဲ့ ကသည်းသူပုန် ၄၀ ၀န်းကျင်ဟာလည်း အိန္ဒိယအစိုးရဆီမှာ လက်နက်ချ အလင်း၀င်ခဲ့ ပါသေးတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။