BBC navigation

ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း ကချင်ရောက်

နောက်ဆုံး ရေးသားချိန် 10 ဖေဖေါ်ဝါရီလ 2013 - 00:53 GMT

ငြိမ်းချမ်းရေးအတွက် သူတယောက်ထဲ ဆုံးဖြတ်လို့ မရဘူးလို့ ဆိုသူ သူရ ဦးရွှေမန်း

စစ်အစိုးရလက်ထက်က တတိယတာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့ပြီး လက်ရှိမှာတော့ ပြည်သူ့လွှတ်တော် ဥက္ကဌအဖြစ် တာဝန်ထမ်းရွက်နေတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းဟာ ကချင်ပြည်နယ်ကို ပထမဆုံးအကြိမ် ရောက်လို့ ငြိမ်းချမ်းရေးအတွက် ဒေသခံတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဒေသခံတွေရဲ့ လိုလားချက်ကို မေးတဲ့အခါ ငြိမ်းချမ်းရေးကို မဖြစ်မနေ ရအောင်လုပ်ပေးဖို့နဲ့ ငြိမ်းချမ်းရေးဟာ ကချင်ပြည်နယ်အတွက် အရေးအကြီးဆုံးပါပဲလို့ ပြောဆိုခဲ့ကြောင်း မြစ်ကြီးနား တွေ့ဆုံပွဲကို တက်ခဲ့တဲ့ ကချင်ပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ PCG အဖွဲ့ဝင် ဦး အင်န် ချန် ဆန်အောင်က ဘီဘီစီကို ပြောပါတယ်။

ငြိမ်းချမ်းရေးကို အားလုံး ဝိုင်းလုပ်ရမယ်လို့ပဲ ပြောပြီး လွှတ်တော် ဥက္ကဌအနေနဲ့ဖြစ်ဖြစ်၊ လွှတ်တော်အနေနဲ့ဖြစ်ဖြစ် တခုခုကို ကူညီ ဆောင်ရွက်ပေးမယ်လို့ ကတိပြု ပြောကြားတာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။

ဒေသခံတွေ ပေးတဲ့ အကြံဉာဏ်တွေကို ယူလို့ ဆွေးနွေးပြီး ဆက်လက် လုပ်ဆောင်ပေးမယ်၊ သူတယောက်ထဲ ဆုံးဖြတ်လို့ မရဘူးလို့လည်း သူရ ဦးရွှေမန်းက ပြောခဲ့တယ်လို့ ဦးဆန်အောင်က ပြောပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌနဲ့အတူ တပ်မတော်က အဆင့်မြင့် အရာရှိတွေ အနေနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၊ မြောက်ပိုင်းတိုင်း တိုင်းမှူးတို့ ပါလာပြီး တပ်ရေးဆိုင်ရာ ကိစ္စတွေကို ဒေသခံတွေကို ရှင်းပြတာတွေ မလုပ်ခဲ့ပေမယ့် ဒေသခံတွေကတော့ တပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တယ်လို့ သိရပါတယ်။

နှစ်ဘက် မှန်၊ မှားခဲ့ကြတဲ့ ကိစ္စတွေကို ပြန်မပြောတော့ဘူး၊ ရှေ့ဆက်လို့ ဆက်လက် ဆောင်ရွက်မယ်၊ တပ်မတော် အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားပါတယ်လို့ တပ်ဘက်က အရာရှိကြီးတွေက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

သူရ ဦးရွှေမန်းနဲ့ ပါလာတဲ့ ဝန်ကြီးတွေနဲ့ ဒုတိယဝန်ကြီးတွေကတော့ သူတို့နဲ့ ဆိုင်တဲ့ ဒေသခံ လူထုတွေ တင်ပြတဲ့ အချက်တွေကို ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ပါတယ်။

ဒီခရီးစဉ်မှာ ထက်၊ အောက် လွှတ်တော် နှစ်ရပ်ရဲ့ ကချင်ပြည်နယ်ထဲက လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ချင်း ကိုယ်စားလှယ် လွှတ်တော်အမတ် တဦးစီလည်း ပါလာတယ်လို့ သိရပါတယ်။

PCG အနေနဲ့တော့ နိုင်ငံရေး ဆွေးနွေးမှုတွေကို ဆက်လုပ်ဖို့၊ ကချင်ဒေသက စစ်ဘေး ဒုက္ခသည်တွေကို ကူမယ့် အဖွဲ့တွေ လာတဲ့အခါ ကန့်သတ်မှုမဲ့ သွားလာခွင့် ရရှိဖို့နဲ့ ဒုက္ခသည်တွေ အနေနဲ့ ဌာနေရွာတွေမှာ ပြန်နေခွင့်ရဖို့ကို ပြောဆို တင်ပြခဲ့သလို စာပါ ရေးသားပေးခဲ့တယ်လို့ ဦးဆန်အောင်က ဘီဘီစီကို ပြောပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။