BBC navigation

UNFC နဲ့ အစိုးရ ထိုင်းမှာ ဆွေးနွေးမယ်

နောက်ဆုံး ရေးသားချိန် 10 ဖေဖေါ်ဝါရီလ 2013 - 00:25 GMT
unfc

UNFC အစိုးရနဲ့ ဆွေးနွေးဖို့ရှိ

ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီ UNFC လို့ခေါ်တဲ့ တပ်ပေါင်းစု အဖွဲ့နဲ့ မြန်မာ အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ တို့ဟာ ထိုင်းနိုင်ငံ၊ ချင်းမိုင် မြို့မှာ အခုလ ထဲမှာ တွေ့ဆုံ ပြီး ပထမဆုံး အကြိမ် နိုင်ငံရေး စေ့စပ် ဆွေးနွေးပွဲ လုပ်ကြမှာ ဖြစ်ပါတယ်။

အရင် အစိုးရတွေ လက်ထက်က၊ လူမျိုးစု လက်နက်ကိုင် တွေက တပ်ပေါင်းစုလိုက် နိုင်ငံရေးအရ ဆွေးနွေးမယ် ဆိုတာကို လက်မခံခဲ့ ပေမဲ့၊ အခုအစိုးရ လက်ထက်မှာ UNFC လို တပ်ပေါင်း စုနဲ့ နိုင်ငံရေး စေ့စပ်ပွဲ Political Dialogue လုပ်မယ် ဆိုတာဟာ ထူးခြားတာ ဖြစ်ပါတယ်။

ဒီလို အစိုးရက ပြောင်းလဲ လာတဲ့ အပေါ်မှာ UNFC ရဲ့အထွေထွေ အတွင်းရေးမှူး ဖြစ်တဲ့ နိုင်ဟံသာက အရင် အစိုးရ တွေက တပ်ပေါင်းစု အနေနဲ့ မဆွေးနွေးဘဲ တဖွဲ့ချင်းနဲ့သာ ဆွေးနွေး ချင်တဲ့ အကြောင်း၊ ဒီအစိုးရ ကလည်း တက်ခါစက အဲသလိုပဲ ပြောခဲ့ကြောင်း၊ အခု နောက်ပိုင်းမှာမှ တပ်ပေါင်းစု UNFC နဲ့ဆွေးနွေးမယ် ဆိုပြီးတော့ ဖြစ်လာ ခဲ့တဲ့ အကြောင်း၊ ဒါဟာ ကောင်းတဲ့ တိုးတက်မှု အလားအလာ ဖြစ်ပြီးစစ်ရေးနဲ့ပဲဖြေရှင်းဖို့ အားသန် နေတဲ့ အနေအထား ကနေပြီးတော့ အခုနိုင်ငံရေး အရ ဆွေးနွေး တော့မယ် ဆိုရင်တော့ မြန်မာ နိုင်ငံရဲ့ ပြဿနာက ပြေလည် နိုင်ဖို့ အလားအလာ ကောင်းတဲ့ ခြေလှမ်း ဖက်ကို ရောက်နေ ပြီလို့ ပြောလို့ရတဲ့ အကြောင်း တွေကို ပြောသွားခဲ့ပါတယ်။

အခုတွေ့ဆုံပွဲမှာ UNFC ဖက်က အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နဲ့ ဆွေးနွေးမှာ တွေကိုတော့ နိုင်ဟံသာက UNFC အပေါ်မှာ အဓိက အခြေပြုပြီး တော့မှ ဆွေးနွေးမှာ ဖြစ်ကြောင်းနဲ့ သူတို့ လိုချင်တာ ကတော့၊ ဒီမိုကရေစီ ဆန်တဲ့ ဖွဲ့စည်းပုံမျိုး ဖြစ်လာဖို့၊ စစ်မှန်တဲ့ ဖက်ဒရယ် ဆန်တဲ့ပြည် ထောင်စု ဖြစ်လာဖို့ ဒါတွေကို အခြေပြုပြီး ဆွေးနွေး သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

တခြား အသေးစိတ် ကိစ္စတွေ ကိုတော့၊ UNFC မှာပါတဲ့ လူမျိုးစု လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့နဲ့ညှိုနှိုင်းပြီး တော့၊ တဆင့်ချင်း ဆွေးနွေး သွားမယ်လို့ နိုင်ဟံသာက ပြောပါတယ်။

UNFC ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီကို ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့ မှာ အစိုးရကို လက်နက်ကိုင် တော်လှန် နေတဲ့ လူမျိုးစု အဖွဲ့ ၁၁ ဖွဲ့နဲ့ ဖွဲ့စည်း ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့ရဲ့ လက် ရှိ ဥက္ကဌက KIO ဒုဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး အင်န်ဘန်လ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။