BBC navigation

ဧရာဝတီ ချင်းတွင်း မြစ်ကြောင်း ရေတိမ်လာ

နောက်ဆုံး ရေးသားချိန် 10 ဖေဖေါ်ဝါရီလ 2013 - 22:07 GMT
 river

မြန်မာ မြစ်ကြောင်းများ ပြုပြင် ထိန်းသိမ်းမှုကင်း

မြန်မာပြည်ရဲ့ အသက်သွေးကြော ဖြစ်တဲ့ ဧရာဝတီနဲ့ ချင်းတွင်းမြစ်တွေမှာ ပုံမှန်ထက် စောပြီး မြစ်ရေတွေ ခမ်းခြောက် လာတာကြောင့် ရေကြောင်း သွားလာရေး အတော် ခက်ခဲ နေပါတယ်။

ပုံမှန် ဆိုရင် ဧပြီလ မေလ လောက်မှ ခမ်းတတ်တဲ့ မြန်မာပြည်က မြစ်တွေဟာ အချိန်မတန်ဘဲ ခုကထဲက ခမ်းခြောက်လာပြီး သဲသောင်တွေလဲ ဟိုတစဒီတစ ပေါ်ထွက် လာတာကြောင့် ရေကြောင်း သွားလာရေး အတော့်ကို ခက်ခဲလာ ပါတယ်။

မကွေးတိုင်း ဆင်ဖြူကျွန်းနဲ့ စစ်ကိုင်းတံတား နားတွေမှာ ဆောင်းရာသီထဲက သွားလာရေး ခက်ခဲနေကြောင်း ဧရာဝတီနဲ့ ချင်းတွင်းကို အစုန်အဆန် သွားလာနေတဲ့ မော်တော်ပိုင်ရှင် တယောက်က ပြောပါတယ်။

ချင်းတွင်း မြစ်မှာ ဆိုရင်လဲ ဧရာဝတီမြစ်နဲ့ ချင်းတွင်း ဆုံတဲ့ မြစ်ဝ ကနေ ဆန်တက်မယ် ဆိုရင် မုံရွာဆိုတာ ဝေးလို့ ရေစကြို ကိုတောင် မော်တော်ကြီးတွေ သွားမရ တော့ဘူးလို့ ပြောပါတယ်။

ချင်းတွင်းမြစ် တချို့ နေရာတွေမှာ ဆိုရင် ဟိုဘက်ကမ်း ဒီဘက်ကမ်း ခြေကျင် ကူးရနေလို့ အရင်က လှေနဲ့ ဟိုဘက်ဒီဘက် ပို့ပေးရတဲ့ ကူတို့သမား တွေတောင် အလုပ်လက်မဲ့ ဖြစ်နေရပြီလို့ ပြောကြပါတယ်။

မုံရွာကနေ အထက် ဟုမ္မလင်း၊ ခန္တီးတို့ကို သွားမယ် ဆိုရင်လဲ စက်လှေငယ်လေး တွေနဲ့ ရေကြောင်း စမ်းပြီး သွားနေရပြီလို့ စက်လှေ သမားတွေက ပြောပါတယ်။

ခုလို ရေကြောင်း ကျပ်ချိန် မဟုတ်ဘဲ ကျပ်နေရတာဟာ ရေဝေရေလဲ သစ်တော တွေ ပျက်စီး ပြုန်းတီးလို့ နုန်းတွေကျပြီး မြစ်ကြောင်း တိမ်ကောလာတာ၊ မိုးရေတွေ ပင်လယ်ထဲ ပါသွားတာ၊ ရာသီဥတု ပြောင်းလို့ အပူချိန်များပြီး ရေငွေ့ပျံ ကုန်လို့ ရေရင်းမြစ်တွေ ဆုံးရှုံးရတာ ဖြစ်ပြီး ဒိအတွက် မြစ်ရိုးမှာ အမှီပြု နေကြတဲ့ လူ ၄ သန်းမှာ ထိခိုက် လာနိုင်တယ်လို့ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ လုပ်ဆောင်နေ တဲ့ ဦးဝင်းမျိုးသူက သုံးသပ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။