BBC navigation

Cobra Gold စစ်ရေးလေ့ကျင့်မှု မြန်မာလေ့လာ

နောက်ဆုံး ရေးသားချိန် 11 ဖေဖေါ်ဝါရီလ 2013 - 15:32 GMT

အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်နဲ့ တောင်ကိုးရီးယား တို့လည်း စစ်ရေး လေ့ကျင့်မှုမှာ ပါဝင်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တနင်္လာနေ့က စတင် လိုက်တဲ့ Cobra gold ခေါ်တဲ့ အမေရိကန်နဲ့ ပူးပေါင်း စစ်ရေး လေ့ကျင့် မှုမှာ မြန်မာ နိုင်ငံ ကလည်း ပထမ အကြိမ် လေ့လာသူ အဖြစ် တက်ရောက် ခွင့် ရခဲ့ပါတယ်။

လေ့လာသူ အဖြစ် တရုတ်၊ ရုရှား၊ ဘရူနိုင်း၊ လော၊ နယ်သာလန် အစ ရှိတဲ့ နိုင်ငံ ၉ နိုင်ငံ ထဲမှာ မြန်မာ ကလည်း ပထမဆုံး အကြိမ် လေ့လာသူ အဖြစ် တက်ရောက် ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

၃၂ ကြိမ်မြောက် Cobra gold စစ်ရေး လေ့ကျင့် ပွဲမှာ ၇ နိုင်ငံက တပ်သား ၁ သောင်း ၃ ထောင် လေ့ကျင့် ကြမှာ ဖြစ်ပါတယ်။ အိမ်ရှင် ထိုင်း နိုင်ငံနဲ့ အမေရိကန် အပြင် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်နဲ့ တောင်ကိုးရီးယား နိုင်ငံတို့ ပါဝင် ပါတယ်။

မြန်မာ စစ်တပ်က လေ့လာခွင့် ရတာနဲ့ ပတ်သက်ပြီး ထိုင်း ကာကွယ် ရေး ဝန်ကြီး ဌာန ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး ထနားချစ် စဝမ်စဲန်က၊ မြန်မာ နိုင်ငံဟာ အနာဂတ်မှာ ဝင်ရောက် လေ့ကျင့်တဲ့ အဆင့်ကို ရောက်လာ နိုင်ကြောင်း ဘီဘီစီကို ပြောကြားပါတယ်။

သမ္မတ ဦးသိန်းစိန် တာဝန်ယူ ခဲ့ပြီး နောက်ပိုင်းမှာ အမေရိကန်နဲ့ မြန်မာ အစိုးရတို့ ဆက်ဆံရေး တိုးတက် လာတာကြောင့် အခု Cobra gold စစ်ရေး လေ့ကျင့်ပွဲ မှာ မြန်မာက လေ့လာသူ အဖြစ် တက်ရောက်ခွင့် ရတာ ဖြစ်ပါတယ်။ ဒါဟာ အမေရိကန် နဲ့ မြန်မာ စစ်တပ်တို့ အကြား စစ်ဘက် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် မှုတွေ ဖြစ်လာ မယ့် ပထမ ခြေလှမ်း ဖြစ်တယ်လို့ ပြောနိုင် ပါတယ်။

Cobra gold စစ်ရေး လေ့ကျင့်ပွဲမှာ အမေရိကန် နိုင်ငံက အရှေ့တောင် အာရှ နယ်မြေ အခြေ အနေကို အတွေ့ အကြုံရဖို့ နဲ့ မိတ်ဖက် ပူးပေါင်း ဆောင်ရွက်မှု အတွက် အဓိက လေ့ကျင့်တာ ဖြစ်ပါတယ်။ အိမ်ရှင် ထိုင်း နိုင်ငံနဲ့ ပါဝင်လေ့ကျင့်တဲ့ နိုင်ငံတွေ ကတော့ နည်းပညာနဲ့ စစ်လက်နက် ဆိုင်ရာ အတွေ့ အကြုံ ရဖို့ဖြစ် ပါတယ်။

စစ်ရေး လေ့ကျင့်ပွဲကို ချင်းမိုင်မြို့မှာ စတင်လိုက်ပြီး ခရိုင် ၅ ခုမှာ ၁ဝ ရက်ကြာ လေ့ကျင့် သွားမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။