BBC navigation

ဒေါ်စုပါဝင်ဖို့ တိုင်းရင်းသားမဟာမိတ် ထပ်ဖိတ်ခေါ်

နောက်ဆုံး ရေးသားချိန် 13 ဖေဖေါ်ဝါရီလ 2013 - 15:56 GMT
UNFC

UNFC မှာ လက်နက်ကိုင်တွေ အပါအဝင် တိုင်းရင်းသားအဖွဲ့ ၁၁ ဖွဲ့ပါဝင်

ပြည်တွင်းငြိမ်းချမ်းရေးရဖို့ လုပ်ငန်းတွေမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်မယ်ဆိုရင် ပါဝင်ဖို့ ထပ်မံဖိတ်ခေါ်တဲ့ အကြောင်း တိုင်းရင်းသား မဟာမိတ် အဖွဲ့ဖြစ်တဲ့ UNFC က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုနေ့ ဗီဒီယိုမိန့်ခွန်း သဝဏ်လွှာမှာ ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း သူ့အနေနဲ့ ပါဝင်လိုကြောင်း၊ ဒါပေမယ့် ကာကယံရှင်တွေ ကိုယ်တိုင်က လိုလိုလားလား တောင်းဆိုမှ ပါဝင်သင့်တယ် ထင်ကြောင်း ထပ်မံ ကမ်းလှမ်းခဲ့ပါတယ်။

ဒီအပေါ် တိုင်ရင်းသားတပ်ပေါင်းစု မဟာမိတ် အဖွဲ့ဖြစ်တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ပြောခွင့်ရ ပုဂ္ဂိုလ် ဦးခွန်ဥက္ကာကတော့ သူ့တို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖို့ ၂၀၁၁ ခုနှစ်ကတည်းက စာပို့ပြီး ကမ်းလှမ်းခဲ့သလို အဲဒီကမ်းလှမ်းမှုကိုလည်း အခုချိန်ထိ မရုပ်သိမ်း သေးဘူးလို့ ပြောပါတယ်။

ဒါပေမယ့် ကာယကံရှင် တဘက်တည်းက မဟုတ်ပဲ အစိုးရဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ဖို့ ဖိတ်ခေါ်ဖို့ လိုကြောင်း ဦးခွန်ဥက္ကာက ပြောပါတယ်။

နောက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပါဝင်မယ်ဆိုရင် ကြားဝင် စေ့စပ်သူလား၊ လေ့လာ စောင့်ကြည့်သူလား၊ လုပ်ငန်းစဉ် ချောမွေ့ရေး လုပ်ဆောင် ပေးသူလား၊ အထောက်အပံ့ပေးသူလား စသည်ဖြင့် အခန်းကဏ္ဍအများကြီး ရှိနေတဲ့အတွက် ဘယ်လို နေရာက ပါဝင်နိုင်မယ်ဆိုတာ လည်း ရှိသေးကြောင်း သူက ပြောပါတယ်။

အခု လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ အများစုဟာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေးတွေ လုပ်လာကြပြီးတဲ့နောက် ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး အဆင့် ဆွေးနွေးဖို့ မကြာခင် ရောက်လာတော့မှာ ဖြစ်တဲ့အတွက် ဒီအချိန်မှာ ဘယ်သူတွေ ပါဝင်လာ သင့်တယ်ဆိုတာကိုလည်း UNFC အနေနဲ့ ဆွေးနွေးဖို့ ရှိကြောင်းလည်း ဦးခွန်ဥက္ကာက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။