BBC navigation

Valentine's day လှုပ်ရှားမှု ရန်ကုန်မှာ ပြုလုပ်

နောက်ဆုံး ရေးသားချိန် 14 ဖေဖေါ်ဝါရီလ 2013 - 16:00 GMT
one_billion_rising_myanmar

ဓာတ်ပုံ: One Billion Rising Myanmar

ကမ္ဘာ ပေါ်မှာ ရှိတဲ့ အမျိုးသမီး သန်းတထောင် လောက်ဟာ အကြမ်းဖက်မှု တွေခံ နေရတယ် ဆိုပြီး ဒီအကြမ်းဖက်မှု တွေကို ရပ်တန့်ဖို့ ဒီကနေ့ ကျရောက်တဲ့ ဗယ်လင်တိုင်းစ် ဒေး လို့ခေါ်တဲ့ ချစ်သူများနေ့မှာ One Billion Rising ဆိုတဲ့ လှုပ်ရှားမှုကို ရန်ကုန် အပါအ၀င် ကမ္ဘာ့ မြို့ကြီး အတော် များများမှာ ကျင်းပ ခဲ့ကြ ပါတယ်။

သန်းတထောင် အတွက် နိုးထကြ ဆိုတဲ့ အမျိုးသမီး တွေအပေါ် အကြမ်း မဖက်ရေး လှုပ်ရှားမှုကို မြန်မာ နိုင်ငံမှာ ပထမဆုံး အနေနဲ့ ရန်ကုန် မြို့က လူစည်ကားတဲ့ နေရာတွေ ဖြစ်တဲ့ ပြည်သူ့ ရင်ပြင်၊ ဗိုလ်ချုပ်ဈေး၊ ကန်တော်ကြီး၊ အင်းလျား ကန်ဘောင်၊ တော်ဝင်စင်တာ စတဲ့ နေရာ တွေမှာ လုပ်ခဲ့ ကြတာ ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုမှာ နိုင်ငံခြား သူတွေ အပါအ၀င် အလွှာ ပေါင်းစုံက အမျိုးသမီး အမျိုးသား ၃၀၀ လောက် ကနေ တူညီ ၀တ်စုံတွေ ဝတ်ပြီး လမ်းလျှောက်တာတွေ ပညာပေး ဟောပြောတာ တွေနဲ့ Break The Chain ဆိုတဲ့ အကြမ်းဖက်မှု သံသရာကို ရိုက်ချိုး ကြလို့ အမည်ရတဲ့ သီချင်းကို ဖွင့်ပြီး ကခုန် ပညာပေးခဲ့ ကြပါတယ်။

ဒီလို သီချင်း ဖွင့်ပြီး ကခုန် ပညာပေးတဲ့ လှုပ်ရှားမှုမှာ ဦးဆောင် ပါ၀င်သူ တဦးဖြစ်တဲ့ မထားထားက ဒီကနေ့ ရန်ကုန်မှာ လုပ်တဲ့ သူတို့ လှုပ်ရှားမှု အကြောင်းကို ပြောပြ ရာမှာတော့ သူတို့ လှုပ်ရှား ကခုန် ကြတာကို ပြည်သူ တွေကတော့ အထူး တဆန်းလို ဖြစ်နေလို့ ဝိုင်းအုံ အားပေးကြ ပေမယ့် အာဏာပိုင်တွေ ဘက်ကတော့ နှောက်ယှက်တာ မရှိသလို အကူအညီ ပေးတာလည်း မရှိပါဘူးလို့ ပြောပါတယ်။

ကမ္ဘာပေါ်မှာ ရှိတဲ့ အမျိုးသမီး ၃ ယောက်မှာ တယောက်ဟာ အကြမ်းဖက် ခံနေရ တာကြောင့် ဒီလှုပ်ရှားမှုကို တော်လှန်ရေး တရပ် အနေနဲ့ လုပ်ရတာ ဖြစ်တဲ့ အကြောင်း One Billion Rising အဖွဲ့ကြီးက ဆိုပါတယ်။

ဒီကနေ့ ရန်ကုန်မှာ လုပ်တဲ့ လှုပ်ရှားမှုမျိုး တွေကို ကမ္ဘာပေါ်မှာ ရှိတဲ့ မြို့ကြီးပေါင်း ၂၀၀ ကျော်မှာလည်း ပုံစံမျိုး စုံနဲ့ ကျင်းပခဲ့ကြ ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။