BBC navigation

တွေ့ဆုံဆွေးနွေးဖို့ KIOကို စစ်ဦးစီးချုပ် ပြော

နောက်ဆုံး ရေးသားချိန် 14 ဖေဖေါ်ဝါရီလ 2013 - 16:32 GMT

ငြိမ်းချမ်းရေး ရအောင် တပ်မတော်က ဆောင်ရွက် ပေးနေ တယ်လို့ စစ်ဦးစီးချုပ် ပြော

KIO ကချင် လွတ်မြောက်ရေး အဖွဲ့အနေနဲ့ တကယ်တမ်း ငြိမ်းချမ်းရေး လိုချင်တယ် ဆိုရင် အချိန်မရွေး လာရောက် တွေ့ဆုံ ဆွေးနွေး နိုင်တယ်လို့ ကာကွယ်ရေး စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ကာကွယ်ရေး တက္ကသိုလ် ကျောင်းဆင်းပွဲတခုမှာ ပြောကြား တဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောသွားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေး လမ်းကြောင်းပေါ် ရောက်အောင် တပ်မတော်က အတတ်နိုင်ဆုံး ဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့် KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်ကတော့ KIO နဲ့ အစိုးရ ကိုယ်စားလှယ် တွေအကြား တွေ့ဆုံ ဆွေးနွေးနေမှုတွေဟာ နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေးမှု ဖြစ်တဲ့အတွက် KIO အနေနဲ့ လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ တပ်မတော်နဲ့ တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးစရာ မရှိဘူးလို့ ပြောပါတယ်။

နှစ်ဘက် တွေ့ဆုံဆွေးနွေးရာမှာ တပ်ရေး ကိစ္စတွေ ပါချင် ပါလာနိုင်ကြောင်း၊ ဒါပေမယ့် ဆွေးနွေးပွဲမှာ စစ်ရေး ခေါင်းဆောင်တွေကို ထည့်သွင်းပေးဖို့ အစိုးရကို KIO ဘက်က တောင်းဆိုတာမျိုး လုပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

KIO ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ အပြီးမှာ နှစ်ဘက်အကြား တိုက်ပွဲတွေ ရပ်တန့်သွားပေမယ့် အခြေအနေက တင်းမာနေဆဲပဲလို့ ဦးလနန်က ပြောပါတယ်။

ဖေဖေါ်ဝါရီလ မကုန်ခင်မှာ KIO နဲ့ အစိုးရ ကိုယ်စားလှယ်တွေ အကြား နောက်ထပ် တွေ့ဆုံဖို့ ရှိသလို KIO ကိုယ်စားလှယ်တွေ ပါဝင်တဲ့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီနဲ့လည်း အစိုးရ ကိုယ်စားလှယ်တွေ တွေ့ဆုံပြီး ကချင်ဒေသအရေး ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။