BBC navigation

လက်ပံတောင်းအရေး ဥပဒေနဲ့ မညီတာတွေရှိ

နောက်ဆုံး ရေးသားချိန် 14 ဖေဖေါ်ဝါရီလ 2013 - 15:19 GMT
_copper_

လက်ပံတောင်းတောင် စီမံကိန်းကိစ္စ ကိုင်တွယ်ရာ မှာ ဥပဒေနဲ့ မညီတာတွေ ရှိတယ်လို့ ရှေ့နေတွေပြော

လက်ပန်းတောင် ကြေးနီ စီမံကိန်း အတွက် လယ်ယာမြေ တွေကို သိမ်းယူတာ၊ ဆန္ဒ ပြခွင့် ပိတ်ပင်တာ၊ ဆန္ဒ ပြသူ တွေကို မီးလောင်ဗုံး သုံးပြီး နှိမ်နှင်းတာ တွေဟာ ဥပဒေနဲ့ မညီဘူးလို့ ရှေ့နေများ ကွန်ရက်နဲ့ Justice Trust အမေရိကန် ရှေ့နေ အဖွဲ့တို့က အစီရင်ခံစာ ထုတ်ပြန် လိုက်ပါတယ်။

လက်ပန်းတောင်း တောင်အရေးနဲ့ ပတ်သက်ပြီး သီးခြား လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှု တွေကို ဆောင်ရွက် ခဲ့တယ် ဆိုတဲ့ ရှေ့နေတွေရဲ့အဆိုအရ ဒေသ အာဏာပိုင် တွေဟာ လယ်သမား တွေကို စာရွက် အလွတ်မှာ လက်မှတ် ထိုးခိုင်းပြီး စာချုပ် စာတမ်းရဲ့ မိတ္တူကိုလည်း လယ်သမား တွေကို မပေးခဲ့ တာမို့ ပဋိဉာဉ် အဖြစ် တရား မ၀င်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် လယ်ကိုလည်း သိမ်းယူ သေးတာ မဟုတ်ဘဲ၊ သုံးနှစ်စာ သီးစားခ ကိုသာ ပေးလျှော်တယ်လို့ နှုတ်ကတိနဲ့ ပြောခဲ့တဲ့ အကြောင်း၊ ဒါကြောင့် ဒီလုပ်ရပ် တွေဟာ တရားမ၀င် ဘူးလို့ ရှေ့နေများ ကွန်ရက်က တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။

ဒီစာချုပ် တွေကို ကြေးနီ စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံတဲ့ ၀မ်ပေါင် တရုတ် ကုမ္ပဏီနဲ့ ချုပ်တာလား၊ အစိုးရနဲ့ ချုပ်တာလား ဆိုတာလည်း မသိရဘူးလို့ ဦးအောင်သိန်းက ဆိုပါတယ်။

အဲဒီလို လယ်သိမ်း ခံရတာတွေ၊ လယ်ယာမြေ ပေါ်မှာ မြေစာတွေ ပုံတာတွေကြောင့် ဆန္ဒပြဖို့ လယ်သမား တွေက ရဲကို အကြောင်းကြား ခွင့်တောင်းတော့လည်း ၁၁ ကြိမ်အထိ ငြင်းပယ်တာ ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီလို ငြင်းပယ်ရာမှာ အသုံးပြုတဲ့ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေဟာလည်း တကယ်တော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားများရဲ့ အခွင့် အရေးနဲ့ ဆန့်ကျင် နေတယ်လို့ နောက်ထပ် တရားလွှတ်တော် ရှေ့နေတဦး ဖြစ်တဲ့ ဦးသိန်းသန်းဦးက ပြောပါတယ်။

အဲဒီလို ဆန္ဒပြခွင့် မပြုဘဲ ပြခဲ့တယ် ဆိုပြီး နို၀င်ဘာလ ၂၉ ရက် နေ့က ဆန္ဒပြ သူတွေကို လူစု ခွဲရာမှာ White Phosphorus လို့ ခေါ်တဲ့ မီးစုန်းဓါတ် ပါတဲ့ ဗုံးတွေ သုံးတာဟာ Geneva Convention နိုင်ငံတကာ သဘောတူ ညီချက်ကို ချိုးဖောက်တာ ဖြစ်တယ်လို့ အမေရိကန် အခြေစိုက် Justice Trust အဖွဲ့က ဥပဒေ ပညာရှင် Roger Normand က သတင်းထောက် တွေကို ပြောခဲ့ပါတယ်။

ဒါဟာ တရားမဝင်တဲ့ လုပ်ရပ် ဆိုတာ ရှင်းပါတယ်လို့ အစချီပြီး စစ်ဖြစ်တဲ့ အခါမှာတောင် ဒီလက်နက်မျိုးနဲ့ လူကို တိုက်ရိုက် ပစ်တာဟာ တရားမ၀င် တာမို့ ခုလို ငြိမ်းချမ်းစွာ ဆန္ဒပြသူ တွေကို ပစ်တာဟာ ဥပဒေနဲ့ မညီ ဘူးလို့ သူက ပြောပါတယ်။

ဒီလက်နက်တွေကို ရဲက သိုလှောင်ထားတယ် ဆိုတာ မဖြစ်နိုင် တာမို့၊ ဒီလက်နက်တွေ ဘယ်က ရသလဲ၊ ဒီလက်နက် မျိုးတွေ သုံးဖို့ ဘယ်သူက အမိန့် ပေးတာလဲ ဆိုပြီး တော့်လဲ သူက မေးခွန်း ထုတ်ခဲ့ ပါတယ်။

သူတို့ ရှေ့နေ အဖွဲ့နှစ်ခုရဲ့ အစီရင်ခံစာကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ပန်းတောင်းတောင်ကိစ္စ စုံစမ်းစစ်ဆေးတဲ့ အဖွဲ့ဆီကိုလည်း ပို့ထားတယ်လို့ ပြောပါတယ်။

ဒီအစီရင်ခံစာကို ထုတ်ပြန်ရတဲ့ အကြောင်းကတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က လက်ပန်းတောင်းတောင် အရေး စုံစမ်း အဖြေရှာရာမှာ အားလုံး ပါ၀င်ဖို့ ပြောထားတာကြောင့် ဖြစ်တယ်ဆိုပြီး ရှေ့နေတွေက ပြောခဲ့ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။