BBC navigation

သမ္မတနဲ့ တိုင်းရင်းသား အမတ်တွေ ချင်းပြည် ရောက်

နောက်ဆုံး ရေးသားချိန် 15 ဖေဖေါ်ဝါရီလ 2013 - 15:18 GMT
President U Thein Sein

ချင်းပြည်နယ် ကလေး တက္ကသိုလ်မှာ ပညာရေး တိုးတက် အောင် လုပ်ဖို့ အရေး ကြီးကြောင်း သမ္မတ ပြောခဲ့

သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု အဆင့် တိုင်းရင်းသား လွှတ်တော် အမတ် ၃ ယောက်နဲ့ ပြည်နယ် တိုင်းရင်းသား ဝန်ကြီး တစ်ယောက် ပါဝင်တဲ့ အဖွဲ့ကို ဦးဆောင်ပြီး သုံးရက်ကြာ ချင်းပြည်နယ် ခရီးစဉ်ကို စတင်ခဲ့ ပါတယ်။

ချင်းပြည်နယ် ခရီးစဉ်မှာ ကာကွယ်ရေး ဦးစီးချုပ်၊ ပညာရေးဝန်ကြီး၊ ကျန်းမာရေး ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီး အပါအဝင် ဝန်ကြီး တချို့လည်း လိုက်ပါ သွားခဲ့ ပါတယ်။

သောကြာနေ့ က သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ ကလေးမြို့ကို ရောက်ရှိ လာခဲ့ပြီး ကလေး တက္ကသိုလ်က ဆရာ ဆရာမ တွေနဲ့ တွေ့ဆုံ ခဲ့ရာမှာ အစိုးရက ဖော်ဆောင်နေတဲ့ နိုင်ငံရေး စီးပွားရေး အပြောင်း အလဲ တွေ အကြောင်းနဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနဲ့ ပတ်သက်လို့ သူ့ အနေနဲ့ လုပ်ဆောင် လိုတာ တွေကို ရှင်းပြ ခဲ့တယ်လို့ သမ္မတနဲ့ အတူ လိုက်ပါသွားတဲ့ SNDP ရှမ်း တိုင်းရင်းသားများ ဒီမို ကရက်တစ် ပါတီ အမတ် ဦးရဲထွန်းက ပြော ပါတယ်။

မြန်မာ နိုင်ငံရဲ့ ပညာရေး နောက်ကျ နေတဲ့ အနေအထားကို တိုးတက်အောင် လုပ်ဆောင်ဖို့ ဆရာ ဆရာမတွေက အရေးကြီး တဲ့ အကြောင်း သမ္မတက ပြောခဲ့ပေမဲ့ ဆရာ ဆရာမတွေဘက်က ပြန်လည် တင်ပြတာတွေကို နားထောင်ပြီး ဆွေးနွေးတဲ့ အစီ အစဉ်တော့ မပါဘူးလို့ သူက ပြောပါတယ်။

အသားငါး ကဏ္ဍ ဖွံဖြိုးမှု နောက်ကျ နေတာနဲ့ ပတ်သက်လို့ လွှတ်တော် အမတ်တွေက စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ ဆွေးနွေး ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီလို ဖြစ်ရတာဟာ လိုင်စင် စနစ်နဲ့ လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့် ပေးထားလို့ ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်က ဥပဒေ ပြုပိုင်ခွင့့် မရှိတဲ့ အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော် တို့ အလိုက် စည်ပင် သာယာရေး ဥပဒေတွေကို ပြောင်းလဲ သင့်တယ် လို့ ပြောခဲ့ကြ ကြောင်း ဦးရဲထွန်းက ပြောပါတယ်။

ဒီကိစ္စကို ဆက်လက် ဆွေးနွေးဖို့ သမ္မတက ဝန်ကြီးတွေကို ပြောခဲ့တယ်လို့ လည်း ဦးရဲထွန်းက ပြော ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။