BBC navigation

၈၈ မျိုးဆက် ကိုမင်းကိုနိုင် နော်ဝေမှာ ဆုယူ

နောက်ဆုံး ရေးသားချိန် 16 ဖေဖေါ်ဝါရီလ 2013 - 15:31 GMT
Min Ko Naing 88 Generation Students in Norway

နော်ဝေးရိုးရာဝတ်စုံ ဝတ်ထားသူများနဲ့ အတူ တွေ့ရတဲ့ ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချို

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း) က ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ကိုမင်းကိုနိုင်ဟာ နော်ဝေ နိုင်ငံမှာ ကျောင်းသား ငြိမ်းချမ်းရေး ဆုကို သောကြာနေ့ညက လက်ခံရယူခဲ့ပါတယ်။

ဒီဆုကိုတော့ နော်ဝေနိုင်ငံ ထရွန်ဟမ်းမြို့က နိုင်ငံတကာ ကျောင်းသား ပွဲတော် အဖွဲ့ ISFit က ၂၀၀၁ ခုနှစ်က ချီးမြှင့်ခဲ့တာ ဖြစ်ပြီး ကိုမင်းကိုနိုင်က အခုမှ ကိုယ်တိုင် လက်ခံ ရယူနိုင်တာ ဖြစ်ပါတယ်။

ကိုမင်းကိုနိုင် ထောင်သက် ၁၃ နှစ်လောက်မှာ ပေးအပ်ခံရတဲ့ ဒီဆုကြောင့် စိတ်ခွန်းအားတွေ ပေးနိုင်ခဲ့တယ်၊ နိုင်ငံတကာက မေ့မထားဘူး ဆိုတာ သိရလို့ အားတက်မိတယ်လို့ သူက ပြောပြပါတယ်။

လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက် နိုင်ငံတကာ ကျောင်းသားတွေ စုပေါင်း ကျင်းပတဲ့ ဒီပွဲတော်အတွင်း ကိုမင်းကိုနိုင်က မိန့်ခွန်းပြောခဲ့တဲ့အပြင် ကျောင်းသားတွေရဲ့ မေးခွန်းတွေကိုလည်း ဖြေပေးခဲ့ ပါတယ်။

နောက်ပြီး အီရန်နိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ ကျောင်းသား ခေါင်းဆောင် မာဂျစ် တာဗာကိုလီ အတွက်လည်း နိုင်ငံတကာ ကျောင်းသားတွေက ငြိမ်းချမ်းရေး လမ်းလျောက်ပွဲ ကျင်းပခဲ့ ကြပါတယ်။

ကိုမင်းကိုနိုင်နဲ့ အတူ ကိုပြုံးချိုလည်း လည်း ဒီခရီးစဉ်မှာ ပါဝင်ပြီး နော်ဝေအပြင် ဒိန်းမတ် နဲ့ ပြင်သစ်နိုင်ငံတို့ကိုလည်း သွားရောက်မှာ ဖြစ်ပြီး အစိုးရ အရာရှိတွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။

နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်သူတွေကို အားပေးရမှာ ဖြစ်သလို ခေတ်နောက်ပြန်ဆွဲသူတွေကိုတော့ ပြတ်ပြတ်သားသား ဆက်ဆံ သင့်တဲ့အကြောင်း ဥရောပအရာရှိတွေကို ပြောဖို့လည်း ရှိတယ်လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။