BBC navigation

စပစ်တ်ဖိုင်းယား တူးဖေါ်ရေး ပြန်ရုပ်သိမ်း

နောက်ဆုံး ရေးသားချိန် 16 ဖေဖေါ်ဝါရီလ 2013 - 16:46 GMT

မင်္ဂလာဒုံ လေယာဉ်ကွင်းနားက နေရာ ကို တူးကြည့်တော့ တွင်းထဲမှာ ဘာမှ မတွေ့ရ

မြန်မာပြည်မှာ ဒုတိယ ကမ္ဘာ စစ်ကျန် စပစ်တ်ဖိုင်းယား လေယာဉ် တွေ မြေအောက်မှာ မြှုပ်ထားတယ် ဆိုတာဟာ ဒဏ္ဍာရီ ပုံပြင် တပုဒ်သာ ဖြစ်ပြီး ရှာဖွေ တူးဖော်ရေး အစီ အစဉ် တွေကို ရုပ်သိမ်း လိုက်ပြီ လို့ ရှေးဟောင်း သုတေသီ တွေက ထုတ်ဖော် ပြောလိုက် ပါတယ်။

အရင်တုန်း ကတော့ ဗြိတိသျှ ဘုရင့် လေ တပ်မတော် ပိုင် စပစ်တ်ဖိုင်းယား ၁၂၄ စင်းလောက် မြန်မာပြည် မှာ ဒုတိယ ကမ္ဘာစစ် အတွင်း က ကျန်ခဲ့ပြီး၊ သူတို့ ကို အပိုင်းလိုက် ဖြုတ်၊ သေတ္တာတွေ နဲ့ ထည့် ကာ မြေအောက်မှာ မြှုပ်ထား ခဲ့တာ လို့ ရှာဖွေရေး စီမံကိန်း ကို စတင်ခဲ့ သူတွေ က ယုံကြည် ခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ တွေ့မယ်လို့ မှန်းထားတဲ့ ၂ နေရာ ထဲက တခု ဖြစ်တဲ့ မင်္ဂလာဒုံ လေယာဉ်ကွင်း နားက နေရာကို တူးကြည့်တော့ တွင်းထဲမှာ ဘာမှ မတွေ့ ရပါ။ နောက် တနေရာ ဖြစ်တဲ့ မြစ်ကြီးနား အနီးက နေရာ တခုမှာလည်း သေတ္တာ တလုံး တွေ့ရ ပေမယ့် အထဲမှာ လေယာဉ် အစိတ် အပိုင်းတွေ မရှိပါ။ မိတ္ထီလာ နားမှာ ရှိနိုင်တယ် လို့လည်း တွက်ဆ ခဲ့ကြပါ သေးတယ်။

ဒီရှာဖွေရေး ပရော့ဂျက် ကို War gaming Ltd က ဘဏ္ဍာရေး ဆိုင်ရာ ထောက်ပံ့ပေး ခဲ့တာ ဖြစ်ပြီး အဲဒီ ကုမ္ပဏီ ရဲ့ အထူး စီမံချက်များ ဆိုင်ရာ ဒါရိုက်တာ ထရေစီ စပိုက်က သူတို့ အဖွဲ့ကနေ မော်ကွန်းတိုက် ထဲမှာလည်း သီတင်းပတ်ပေါင်း များစွာ အထောက် အထား တွေကို ရှာခဲ့ ပေမယ့် စပစ်တ် ဖိုင်းယားတွေ မြန်မာပြည်က မြေကြီး အောက်မှာ မြှုပ်ထား ခဲ့တယ် ဆိုတဲ့ အထောက် အထားကို မတွေ့ ရပါဘူးလို့ ဆိုပါတယ်။

အရင်လ တုန်းကလည်း ဒီ လေယာဉ်တွေ ရှိနေတယ် ဆိုတာ မဖြစ် နိုင်ဘူး ဆိုပြီး ရှေးဟောင်း သုတေသန ပညာရှင်တွေ ဘက်က ထုတ်ပြောခဲ့ ပါသေးတယ်။ အဲဒီ အချိန် တုန်းကတော့ ဒီ စပစ်တ်ဖိုင်းယား တွေ ရှိတယ် လို့ စတင် ထုတ်ဖော် သူလည်းဖြစ် အခု ရှာဖွေရေး ပရော့ဂျက် ခေါင်းဆောင် လည်း ဖြစ်တဲ့ မစ္စတာ ဒေးဗစ် ကန်ဒဲလ်က နေရာ မှားတူး လို့ ဖြစ်လိမ့်မယ်၊ တနေရာမှာ ရှိနိုင် ပါသေး တယ်လို့ ပြောခဲ့ ပါတယ်။

သူက ဒီလေယာဉ် တွေ မြန်မာပြည် မှာ ရှိပါတယ် လို့ ပြောလာ ခဲ့တဲ့ ကိစ္စ၊ နောက်ဆုံး သက်သေ မပြ နိုင်တဲ့ တနေ့မှာ လူတွေကို သူအမှား ပြောမိကြောင်း တောင်းပန် မယ်လို့ ဆိုခဲ့ ပါတယ်။

မစ္စတာ ကန်ဒဲလ် ဟာ ၁၇ နှစ် တိုင်တိုင် အချက် အလက် ရှာဖွေ တာတွေ၊ လူတွေ့ မေးမြန်း တာတွေ လုပ်ခဲ့ပြီး၊ စပစ်တ်ဖိုင်းယား လေယာဉ် တွေ မြန်မာပြည် မှာ ကျန်ရှိ နေသေးတယ် ဆိုတဲ့ ယူဆချက်ကို ပြောခဲ့လို့ နိုင်ငံတကာ ပြည်သူတွေ အထူး သဖြင့် ဗြိတိန်နဲ့ မြန်မာပြည် က လူအများ အပြား စိတ်ဝင် တစား ဖြစ်ခဲ့ရ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။