BBC navigation

လက်ပံတောင်းရေး ဘုံတောင်းဆိုချက်ထုတ်

နောက်ဆုံး ရေးသားချိန် 17 ဖေဖေါ်ဝါရီလ 2013 - 22:27 GMT
monywa

လက်ပံတောင်း အကြမ်းဖက် ဖြိုခွဲမှု ကန့်ကွက် ဆန္ဒပြခဲ့

မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ် အကြမ်းဖက် ဖြိုခွဲခံရတဲ့ ကိစ္စဟာ ၃လနီးပါး ရှိခဲ့ပေမယ့် အမိန့်ပေးစေခိုင်းသူကို အရေးမယူနိုင် သေးတဲ့အပြင် စီမံကိန်းလုပ်ခွင့်ရတဲ့ ဝမ်ပေါင် ကုမ္ပဏီဘက်က လုပ်ငန်းတွေ ဆက်လုပ်နေတာကြောင့် ဒီစီမံကိန်းမှာ လယ်သိမ်းခံရတဲ့ ကျေးရွာ ၁၉ ရွာက ဒေသခံ ၅ဝဝ ကျော်က ဆည်တည်း(ဆယ်တဲ) ရွာမှာ ညီလာခံတရပ် ကျင်းပပြီး ဘုံသဘောတူ တောင်းဆိုချက် ၂ရပ်ကို ထပ်မံတောင်းဆို လိုက်ကြပါတယ်။

စီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေးနဲ့ မီးလောင်ဗုံးနဲ့ တိုက်ခိုက်မှု အရေးယူ ဆောင်ရွက်ပေးဖို့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ထုတ်ပြန် တောင်းဆို ခဲ့ကြတာပါ။

ရက်ရက်စက်စက် အကြမ်းဖက်မှုကြောင့် ထိခိုက်သူတွေ ရှိနေတာကို ခုချိန်ထိ လက်သည်မဖော် နိုင်တာက မြန်မာ့ တရားဥပဒေ စိုးမိုးရေး ကို မေးခွန်း ထုတ်စရာ ရှိနေပြီး ကော်မရှင် အနေနဲ့ နေ့စဉ် ဆန္ဒပြ တောင်းဆို နေကြတဲ့ ဒေသခံ ပြည်သူတွေရဲ့ ဆန္ဒကို လေးစား လိုက်နာသင့်ကြောင်း ညီလာခံ ဖြစ်မြောက်ရေး ကော်မတီ က ကိုဟန်ဝင်းအောင် က ပြောပါတယ်။

လက်ပံတောင်း ဒေသ မြေယာသိမ်းမှု ကိစ္စတွေဟာ ၂ဝဝ၁ ခုနှစ် ထဲက ဖြစ်နေခဲ့ပြီး ကုမ္ပဏီ ဘက်က လမ်းတံတား အဆောက်အအုံ ဆောက်လုပ်ရေး တွေကို လုံခြုံရေး အင်အား ၇ဝဝ လောက်နဲ့ တိုးချဲ့ လုပ်ဆောင် နေတာမို့ မြေယာ ထွန်ယက်ခွင့် မရှိဘဲ ပုဒ်မ ၁၄၄ နဲ့ ရင်ဆိုင်နေရတဲ့ ဒေသခံတွေ အဖို့ စုံစမ်းရေး အစီရင်ခံစာ ထွက်ချိန်ထိ မစောင့်နိုင် ကြဘူးလို့ ကိုဟန်ဝင်းအောင် က ဆိုပါတယ်။

နို၀င်ဘာလ ၂၉ ရက် နေ့က ဆန္ဒပြ သူတွေကို လူစု ခွဲရာမှာ White Phosphorus လို့ ခေါ်တဲ့ မီးစုန်းဓာတ် ပါတဲ့ ဗုံးတွေ သုံးတယ်လို့ ရှေ့နေများ ကွန်ရက်နဲ့ Justice Trust အမေရိကန် ရှေ့နေ အဖွဲ့တို့က အစီရင်ခံစာ ထုတ်တာကို မမှန်ကန်ဘူးလို့ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွတ်က ပြောဆိုတာဟာလဲ အစိုးရ အဖွဲ့ဝင် အနေနဲ့ တာဝန်မဲ့ စကားပြောတာ ဖြစ်ပြီး စုံစမ်းရေး ကော်မရှင်နဲ့ ရန်တိုက်ပေး နေသလို ရှိကြောင်း ကိုဟန်ဝင်းအောင်က ပြောဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။