BBC navigation

ရခိုင်တိုင်းရင်းသားတွေ အကြား နားလည်မှု တည်ဆောက်

နောက်ဆုံး ရေးသားချိန် 17 ဖေဖေါ်ဝါရီလ 2013 - 15:47 GMT
Kaman woman

ဒုက္ခသည်စခန်းမှာ နေနေရဆဲ ဖြစ်တဲ့ ကမန် အမျိုးသမီးတဦး

ရခိုင်ပြည်နယ်မှာ မနှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ရခိုင်မှာ နေထိုင်တဲ့ တိုင်းရင်းသားတွေအကြား စိတ်ဝမ်းကွဲပြား မှုတွေ ရှိခဲ့တာကို ပြေလည်အောင် လုပ်နိုင်ရေး၊ နားလည်မှု ပြန်လည်တည်ဆောက် နိုင်ရေးအတွက် နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေနဲ့ ဘာသာရေး၊ လူမှုရေး အဖွဲ့တွေ ဖေဖေါ်ဝါရီ ၁၇ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲတွေကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကမကထပြုစီစဉ်ခဲ့တာ ဖြစ်ပြီး ရခိုင်တိုင်းရင်းသား ပါတီတွေအထဲက အဓိက ပါတီကြီးတွေ ဖြစ်တဲ့ ရခိုင်အမျိုးသား တိုးတက်ရေးပါတီ၊ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ နောက်တခါ ကမန်အမျိုးသား တိုးတက်ရေးပါတီ၊ ကမန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ မရမာကြီး လူမျိုးများနှင့် ၈၈မျိုးဆက်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။

ပဋိပက္ခတွေကြောင့် ဒေသခံ အစ္စလာမ်ဘာသာကို ကိုးကွယ်တဲ့ ကမန်လူမျိုးတွေလည်း ကြားညပ်ပြီး တိုက်ခိုက်ခံရ၊ အိုးအိမ်တွေ ဖျက်ဆီးခံခဲ့ရတာ ကြောင့် ဒီလို ကိစ္စတွေကို ဘယ်လို ရှင်းမလဲ၊ နားလည်မှုတွေ ဘယ်လို ပြန်ရအောင် လုပ်မလဲဆိုတာ ဆွေးနွေး ကြတယ်လို့ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမျိုးကျော်က ဘီဘီစီကို ပြောပါတယ်။

ကမန် လူမျိုး တချို့ မိမိတို့ရဲ့ နေရပ်ရင်းကို မပြန်ရဲ သေးပဲ ဒုက္ခသည် စခန်းတွေမှာ ဆက်နေနေရဆဲလည်း ဖြစ်ပါတယ်။

ဒုက္ခသည် စခန်းတွေမှာ နေနေရသူ တွေလည်း အများကြီးရှိ

ကမန်ဆိုတာ ရခိုင်တိုင်းရင်းသား မျိုးနွယ်စု တစုဖြစ်တဲ့ အတွက် ညီအကို တွေပဲလို့ အားလုံးက သဘောထား မှတ်ယူကြပေမယ့်၊ ကမန် အမည်ခံပြီး ပြင်ပက ဝင်ရောက်လာနေထိုင်သူတွေကိုတော့ စီစစ်ပြီး ဖော်ထုတ် အရေးယူသွားဖို့ လိုတဲ့ အကြောင်း၊ အဲဒီလို လုပ်ရာမှာ ကမန်လူမျိုးတွေ ကိုယ်တိုင်က ပူးပေါင်းပါဝင်ပြီး ကိုယ့်အမျိုးကို သန့်စင်အောင် လုပ်ပေးဖို့လိုတယ်လို့လည်း သူက ဆိုပါတယ်။

အစိုးရ အဆက်ဆက် တာဝန်ရှိသူတွေရဲ့ အကျင့်ပျက်မှုကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ တရားမဝင်ရောက်နေသူတွေကို ဖော်ထုတ်သွားရမှာ ဖြစ်ပြီး ဒီလိုလူတွေကို သီးခြားခွဲထုတ်၊ စခန်းတွေမှာ ထားပြီး တတိယနိုင်ငံတွေက ခေါ်သွားနိုင်ရေးလဲ စီစဉ်ရမှာ ဖြစ်တယ်လို့ ဦးမျိုးကျော်က ပြောပါတယ်။ တဖက်မှာတော့ ကမန်တွေဟာ တိုင်းရင်းသားတွေ ဆိုတာကိုလည်း လူထုကို အသိပညာပေးမှုတွေ လုပ်သွားရမယ်လို့ သူက ပြောပါတယ်။

အခုဆွေးနွေးပွဲမှာတော့ အခြေခံဥပဒေများအရ တိုင်းရင်းသားအဖြစ် သတ်မှတ်တည်ရှိပြီးသော လူမျိုးစုများအကြား ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိစေရေးကို ဦးစားပေးပြီး ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။