BBC navigation

အင်းလေးကန်ဟိုတယ်ဇုံ အတွက် မြေသိမ်း

နောက်ဆုံး ရေးသားချိန် 18 ဖေဖေါ်ဝါရီလ 2013 - 23:02 GMT
inle_farmers_

အင်းလေးကန် တောင်သူလယ်သမား

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ လဆန်း က ရှမ်းပြည်နယ် အစိုးရမှ အင်းလေးကန် အရှေ့ဘက် ကမ်းစပ်ရှိ ကံဘဲ့ အင်ကြင်းကုန်းရွာ မှ တောင်သူ ၈၃ ဦး ပိုင်ဆိုင် တဲ့ ယာမြေ ဧက ၁ဝဝ ကျော် အပါအဝင် မြေလွတ်မြေရိုင်း ဧက ၆ဝဝ ကျော် ကို သိမ်းယူခဲ့ပါတယ်။

မူလ ယာမြေပိုင်ရှင်တွေ ထဲက အင်းတောင်သူ ၇ ဦးက သိမ်းပိုက် မြေပေါ် ဝင်ရောက်ပြီး သီးနှံ စိုက်ပျိုးရာမှာ ညောင်ရွှေ အုပ်ချုပ်ရေးမှူး က တရားလို လုပ်ပြီး တရားစွဲပါတယ်။

အင်းလေးကန် ဟိုတယ်ဇုံ စီမံကိန်း အတွက် မြေယာတွေ သိမ်းမယ် ဆိုတာ ကို ကြိုမပြောပဲ ဒီယာမြေမှာ ကြက်သွန် နဲ့ ကြံတွေ စိုက်ပြီးခါမှ တောင်သူတွေ ပိုင်မြေ ကို ဂရံထဲက ထုတ်ထားပြီး ဖြစ်ကြောင်း၊ စီမံကိန်းမြေ ဧက ၆ဝဝ ကျော် သတ်မှတ် ထားတဲ့ နေရာကို ကျူးကျော် ဝင်ရောက်ရင် တရားစွဲမယ် ဆိုတာ ကြော်ငြာ ပြီးဖြစ်ကြောင်း၊ အာဏာပိုင် က ပြောတာကို ယာပိုင်ရှင် က ဘီဘီစီ ကိုပြောပြပါတယ်။

တရားစွဲခံရသူ ၇ ဦး အနက်၊ သုံးဦးကို ဒီယာမြေတွေ ကို မသိမ်းဖို့ လာရောက်တားမြစ်တဲ့ အတွက် တာဝန်ရှိသူတွေက ပုဒ်မ ၃၅၃ အရ တာဝန်ဝတ္တရား နှောက်ယှက်မှု နဲ့ နန့်ပန် ရဲစခန်းမှ ထပ်မံ တရားစွဲကြောင်းလည်း ဘီဘီစီ ကို ရှင်းပြပါတယ်။

ယာပိုင်ရှင်တဦး ကလည်း သူ့လယ်မြေ သိမ်းစဉ် က နစ်နာကြေး အနေနဲ့ တဧက ကျပ်ငွေ ၂ သိန်း တန်တာကို ကျပ်ငွေ ၁ သိန်းပဲ ပေးပြီး သိမ်းလို့ သူမကျေနပ်ပုံ ကို ပြောပါတယ်။

အခုတော့ ယာမြေလည်း အသိမ်းခံရ၊ တရားလည်း အစွဲခံရတဲ့ အခြေအနေ ရောက်နေပုံ ကို ရှင်းပြပါတယ်။

ဒီကိစ္စ ကို မကျေနပ်လို့ ဆန္ဒထုတ်ဖေါ်ခွင့် တောင်းရာမှာ မြို့နယ်က ခွင့်မပြုသလို တောင်ကြီးမှာ အယူခံဝင် ဖို့သာ ပြောနေပုံ၊ အဓမ္မ လယ်သိမ်းခံရတဲ့ အကြောင်းကို နိုင်ငံတော် အဆင့်ထိ တိုင်ကြားတဲ့ တိုင်အောင်၊ အကြောင်းမပြန်တဲ့ အတွက် စွဲဆိုထားတဲ့ အမှု တွေ အပေါ် ရှေ့နေမှ တဆင့် ခုခံ မယ့် အကြောင်း တောင်သူတွေက ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။