BBC navigation

အစိုးရနဲ့ ဒုဗိုလ်ချုပ်ကြီး ရွက်စစ် တို့ အဖွဲ့ ဆွေးနွေး

နောက်ဆုံး ရေးသားချိန် 19 ဖေဖေါ်ဝါရီလ 2013 - 15:59 GMT
SSA Soldiers

ရှမ်းပြည် တပ်မတော် တပ်ဖွဲ့ဝင်များ

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် RCSS/SSA နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဖေဖော်ဝါရီလ ၁၉ ရက် နေ့က တွေ့ဆုံ ဆွေးနွေး ခဲ့ကြ ပါတယ်။

ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အဖွဲ့နဲ့ SSA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး စိုင်းရွက်စစ် ခေါင်းဆောင်တဲ့ အဖွဲ့တို့ တွေ့ဆုံခဲ့တာ ဖြစ်ပြီး ဒီဆွေးနွေးမှုဟာ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်ပေါ်ဖို့ အတွက် အကြို ဆွေးနွေးကြတဲ့ အလွတ် သဘော တွေ့ဆုံ မှုလို့ ဆိုပါတယ်။

RCSS/SSA နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ တို့ လေးကြိမ် မြောက် တွေ့ကြရာမှာ ဆွေးနွေးပွဲတိုင်းမှာ ရလာတဲ့ သဘောတူညီချက်တွေကို အကောင်အထည် ဖော်ဖို့၊ မပြေလည်သေးတဲ့ ပြဿနာ တွေကို နှစ်ဘက်စလုံး စိတ်ရှည်ရှည် ထားပြီး ငြိမ်းချမ်းတဲ့ နည်းနဲ့ ဝိုင်းဝန်း အဖြေ ရှာဖို့ ဆွေးနွေး ခဲ့ကြတယ်လို့ ဆွေးနွေးပွဲ တက်ရောက် ခဲ့သူ RCSS/SSA ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူး စိုင်းလောင်စိုင်းက ပြောပါတယ်။

ဒါ့အပြင် ဝန်ကြီး ဦးအောင်မင်းက ဒုတိယ ဗိုလ်ချုပ်ကြီး စိုင်းရွက်စစ်ကို နေပြည်တော် လာဖို့ ဖိတ်ခေါ် ခဲ့တယ်လို့ လည်း ဗိုလ်မှူး စိုင်းလောင်စိုင်းက ပြောပါတယ်။

ဖိတ်ခေါ်မှု အတိုင်း သွားဖို့ အလား အလာ များပေမဲ့ နေ့ရက်တော့ မသတ်မှတ်ရ သေးဘူးလို့ သူက ပြောပါတယ်။ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့က အပြန် အလှန် ယုံကြည်မှု ရှိဖို့ လိုတယ် ဆိုတာ ဒုတိယ ဗိုလ်ချုပ်ကြီး စိုင်းရွက်စစ်က လက်ခံ ထားတယ်လို့ ဗိုလ်မှူး စိုင်းလောင်စိုင်းက ပြောပါတယ်။

ဒါ့အပြင် သူက ဆက်ပြီး RCSS/SSA ဘက်က နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုကို လိုလား တာ ဖြစ်ပြီး အပစ် အခတ် ရပ်စဲမှု မတိုင်ခင် ကတည်းက ပြည်သူလူထု အားလုံး ပါဝင်နိုင်မယ့် ဆွေးနွေးပွဲမျိုး ဖြစ်စေချင်ကြောင်း ပြောထား ခဲ့တယ်လို့ ပြောပါတယ်။

အစိုးရ ဘက်က ပြောထားတဲ့ အတိုင်း နိုင်ငံရေး ဆွေးနွေးပွဲတွေကို လွှတ်တော်တွင်းမှာ ပြုလုပ်ဖို့ ဆိုတာ ကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံးဟာ လွှတ်တော်ပြင်ပမှာ ရှိနေကြတဲ့ အတွက် ဖြစ်နိုင်မယ် မထင်ဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ နိုင်ငံရေး အရ အာမခံချက် တစ်ခုခု ရပြီ ဆိုရင် သူတို့မှာ ရှိတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို တရားဝင် တပ်ဖွဲ့တွေ ဖြစ်လာ ရေး အတွက် နည်းလမ်း ရှာကြမယ်၊

အခု ရှိနေတဲ့ တပ်မတော်ကတော့ ပြည်ထောင်စု တပ်မတော် မဟုတ်ဘူးလို့ တိုင်းရင်းသား တွေက ယူဆ နေကြကြောင်းလည်း ဗိုလ်မှူး စိုင်းလောင်စိုင်းက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။