ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနဲ့ အစိုးရတပ် တိုက်ပွဲဖြစ်

  • 20 ဖေဖော်ဝါရီ 2013
_ssa_sspp_soldiers_nocredits_
Image caption ရှမ်းပြည်တပ်မတော် တပ်ဖွဲ့ဝင်များ

အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ တွေနဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC တို့ ထိုင်းနိုင်ငံ ချင်းမိုင် မြို့မှာ တွေ့ဆုံလို့ ဆွေးနွေး နေကြစဉ်မှာ ရှမ်းပြည်နယ် တန့်ယန်း မြို့နယ် အတွင်းက လွိုင်လန်း တောင်ဘက် မှာတော့ အစိုးရ တပ်တွေနဲ့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်းတို့ တိုက်ပွဲတွေ ၂ ရက်ဆက် ဖြစ်ပွား ခဲ့ပါတယ်။

အဲဒီလို တိုက်ပွဲတွေ ဖြစ်ပွား နေတာနဲ့ ပတ်သက်လို့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်းရဲ့ ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလကို ဆက်သွယ် မေးကြည့်တော့ သူတို့ဘက်က SSA ၁၉၂ နဲ့ အစိုးရ ဘက်က ခမရ ၃၂၂ တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ဖြစ်ကြောင်းနဲ့ ခုချိန်ထိတော့ အထိအခိုက် အကျအဆုံး သတင်းတွေ မရသေးကြောင်း ပြောပါတယ်။

ဆက်လက်ပြီး ကချင်ဘက်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ အဆုံး မသတ်ခင်မှာ သူတို့ ဘက်မှာ ထပ်ဖြစ်လာတော့ ငြိမ်းချမ်းရေး ဆီကို လျှောက်လှမ်း ရမယ့် ခရီးအတွက် သံသယ ဖြစ်မိတဲ့ အကြောင်း ပြောပါတယ်။ အစိုးရဘက်က ငြိမ်းချမ်းရေးကို ဆွေးနွေး နေလို့ တိုက်ပွဲတွေ ဆက်မဖြစ်ဖို့ ညွှန်ကြား ထားတယ်လို့ ကြားသိရပေမယ့် တပ်ဘက်တော့ ဆက်တိုက်နေဆဲ ဖြစ်ကြောင်း ဆိုပါတယ်။

အဲဒါကြောင့် တပ်ဘက်က ငြိမ်းချမ်းရေး မလိုလားလို့ အပြတ်ချေမှုန်းရေး စီမံချက်ကို အကောင်အထည် ဖော်နေတဲ့ သဘောမျိုး သက်ရောက် နေတဲ့ အကြောင်းလည်း ပြောပါတယ်။

အရင်ကလည်း SSA တပ်တွေကို ဆုတ်ပေးဆိုရင် အမြဲ ဆုတ်ခွာ ပေးခဲ့ကြောင်းနဲ့ အခု ဖြစ်ရတာကလည်း နယ်မြေ စိုးမိုးရေး အတွက် ဖြစ်နိုင်ကြောင်း ပြောပါတယ်။

အခုတိုက်ခိုက် နေတဲ့ တောင်ကုန်းဟာ SSA တပ်မဟာ ၃၆ ရဲ့ မိသားစု ဝင်တွေ အတွက် နေရာ ချထားဖို့ အတွက် လျာထားတဲ့ နေရာ ဖြစ်သလို တောင်ကုန်း ကလည်း မြင့်လို့ ဗျူဟာ မြောက်တဲ့ စခန်းတခုကို ခြေကုတ် ယူချင် လိုချင်လို့ တိုက်နေတဲ့ အနေအထားမျိုး လို့ သုံးသပ်မိတဲ့ အကြောင်း ပြောကြား သွားခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ