BBC navigation

မတ်လ ကုန်မှာ သန်းခေါင်စာရင်း အစမ်း ကောက်မယ်

နောက်ဆုံး ရေးသားချိန် 21 ဖေဖေါ်ဝါရီလ 2013 - 16:35 GMT
Map of Burma

မြန်မာ နိုင်ငံမှာ လူပေါင်း သန်း ၆၀ ကျော်ပြီ ဆိုပေမဲ့ စာရင်း အတိအကျ မသိရသေး

လာမယ့် ၂၀၁၄ ခုနှစ်မှာ မြန်မာ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ သန်းခေါင် စာရင်း ကောက်ခံဖို့ ရှိနေရာမှာ အစမ်းကောက်ယူမှုကို မတ်လ ၃ဝ ရက်နေ့ ကနေ ဧပြီလ ၁ဝ အထိ ၁၂ ရက်ကြာ ကောက်ယူမှာ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ် ၁၄ ခုစလုံး ပါဝင်တဲ့ မြို့နယ် ၂ဝ မှာ စတင် အစမ်း ကောက်ခံမှာ ဖြစ်ပါတယ်။

အဲဒီ မြို့နယ်တွေ ထဲမှာ လူနေ ထူထပ်တဲ့ ရန်ကုန်က မြို့နယ် တချို့ ပါဝင်သလို ကရင် ပြည်နယ် ထဲက ရွှေ့ပြောင်း သွားလာသူတွေ များတဲ့ မြဝတီ မြို့နယ်နဲ့ ဟားခါး၊ မြစ်ကြီးနား၊ ထားဝယ် စတဲ့ မြန်မာ နိုင်ငံ အထက်ပိုင်း အောက်ပိုင်းက ဒေသ အစုံကို ရွေးထားတာ တွေ့ရ ပါတယ်။

မူလတန်းကျောင်း ဆရာ ဆရာမ တွေက တစ်အိမ် တက်ဆင်း မေးခွန်း ပုံစံ ၄၁ ချက်ကို မေးမြန်း ပြီး စာရင်း ကောက်ခံမှာ ဖြစ်တယ်လို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဝန်ကြီး ဌာနက၊ ညွှန်ကြား ရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောပါတယ်။

အိမ်ထောင် ဦးစီး သို့မဟုတ် အိမ်ထောင် တာဝန်ခံက ဖြေပေးရမှာ ဖြစ်ပါတယ်။

အဓိက ကျတာတွေက လူမျိုး၊ ဘာသာ၊ နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား၊ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူ စတဲ့ ကိုင်ဆောင်တဲ့ လက်မှတ် အမျိုးအစားကို ဖော်ပြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မသန်စွမ်းမှု အခြေ အနေ၊ ပညာရေး၊ အလုပ် အကိုင် တို့ကို ဖော်ပြရမယ့် မေးခွန်း တွေလည်း ပါဝင်တယ်လို့ ဦးမြင့်ကြိုင်က ပြောပါတယ်။

ပြည်ပကို တရားဝင် ဖြစ်စေ တရား မဝင် ဖြစ်စေ သွားရောက် နေထိုင် ကြသူတွေ အတွက်လည်း ဖြည့်စွက် ပေးရမှာ ဖြစ်ပါတယ်။

သန်းခေါင် စာရင်း ကောက်ယူ ရာမှာ ဗုဒ္ဓ ဘာသာ ဘုန်းကြီးကျောင်းတွေ၊ ခရစ်ယာန် ကျောင်းတွေ၊ ဗလီတွေနဲ့ ဟိန္ဒူ ဘုရားကျောင်းတွေ ကို သွားရောက် ကောက်ခံတဲ့ အခါ အကူအညီ ရယူနိုင်အောင် ဘာသာရေး ခေါင်းဆောင် တွေ နဲ့လည်း တိုင်ပင် တာတွေ ရှိခဲ့ ပါတယ်။

ရရှိလာတဲ့ အချက် အလက် တွေကို နိုင်ငံရဲ့ ဖွံ့ဖြိုးရေး ကိစ္စတွေမှာ အခြေခံ အချက် အလက် အဖြစ် သုံးဖို့ ဖြစ်ပြီး ကောက်ခံ ရရှိတဲ့ အချက် အလက် တွေကို အများ ပြည်သူတွေ အသုံးပြု နိုင်အောင် ထုတ်ပြန် သွားမယ် လို့လည်း ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။