BBC navigation

အီကြာကွေးမှာ ဓာတုပစ္စည်းပါနေ

နောက်ဆုံး ရေးသားချိန် 22 ဖေဖေါ်ဝါရီလ 2013 - 01:07 GMT

အီကြာကွေးမှာ အမိုးနီးယား ပါဝင်လို့ဆို

မြန်မာနိုင်ငံမှာ လူတွေနေ့စဉ် စားသုံးနေတဲ့ ငရုတ်သီးမှုန့်၊ လက်ဖက်နဲ့ ငါးပိရည် ကအစ ဝက်အူချောင်း၊ ပုဇွန်ခြောက် စတဲ့ စားသောက်ကုန် တွေထဲက တံဆိပ် အချို့ မှာ စက်ရုံလုပ်ငန်းသုံး ဓာတု ပစ္စည်းတွေ ပါဝင်နေ တယ်လို့ အစိုးရက ကြေညာ ထားတာ ရှိပေမယ့် ထိရောက်တဲ့ စစ်ဆေး အရေးယူမှု တွေကို အခုထိ မလုပ်နိုင်ဘဲ ရှိနေပါတယ်။

အခုနောက်ဆုံး လက်ဖက်ရည်ဆိုင်မှာ ရောင်းနေကြတဲ့ အီကြာကွေး ထဲမှာ အမိုးနီးယားပါတဲ့ ဓာတုပစ္စည်းတွေ ထည့်သုံးနေတာကို စားသုံးသူ ကာကွယ်ရေး အသင်း ဆိုတဲ့ လူမှုဝန်ထမ်း အဖွဲ့ အစည်းတခုက ရှာဖွေ တွေ့ရှိထားတယ်လို့ ဆိုပါတယ်။

အဖွဲ့ခေါင်းဆောင် ဦးဗအုပ်ခိုင်က အမိုးနီးယားဟာ ကျောက်ကပ်နဲ့ အသည်းကို ပျက်စီးစေပြီး ကင်ဆာရောဂါပါ ဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မြန်မာတနိုင်ငံလုံး၊ ဒါမှမဟုတ် ရန်ကုန်တမြို့လုံး အတိုင်းအတာနဲ့ ဓာတုပစ္စည်းတွေ ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့် သုံးနေလဲ လိုက်စုံစမ်းဖို့ သူတို့မှာ အင်အားမရှိဘူးလို့ သူကပြောပါတယ်။

ဒီတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ လက်လှမ်း အမီနိုင်ဆုံး ဖြစ်တဲ့ အစိုးရ ဘက်ကို မေးကြည့်တော့ လောလောဆယ် လာတိုင်ကြားရင်တော့ အရေးယူပါတယ်လို့ အစားအသောက် နဲ့ ဆေးဝါး ကွပ်ကဲရေး ဌာ န ညွန်ကြားရေးမှူး ဒေါက်တာ ဇော်ဝင်းက ဆိုပါတယ်။

ဒါပေမယ့် တကယ်တမ်း ဈေးကွက်ထဲမှာ ရောင်းနေတဲ့ စားသောက်ကုန်တွေထဲမှာ ဓာတုပစ္စည်းတွေ ဘယ်လောက်ပါသလဲ ဆိုတာ အစိုးရက ထိထိရောက်ရောက် လိုက်ပြီး စုံစမ်းစစ်ဆေး အရေးယူတာ မရှိပါဘူး။

အဲဒီလို စားသောက်ကုန်မှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေကြောင့် ကင်ဆာရောဂါလို ဆိုးရွားတဲ့ ကျန်းမာရေးအကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ ကျန်းမာရေး ၀န်ထမ်းတွေ၊ ကျွမ်းကျင်သူတွေက အကြိမ်ကြိမ် သတိ ပေးနေကြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။