BBC navigation

မြန်မာ့ငြိမ်းချမ်းရေးအတွက် ဂျပန်က အထူးသံတမန်ခန့်

နောက်ဆုံး ရေးသားချိန် 21 ဖေဖေါ်ဝါရီလ 2013 - 15:46 GMT
Sasakawa

ဂျပန်အစိုးရက မြန်မာ့ငြိမ်းချမ်းရေးအတွက် ခန့်အပ်လိုက်တဲ့ အထူးသံတမန် မစ္စတာ ယိုဟီအီ ဆာဆာကာဝါ

မျက်မှောက် မြန်မာ့နိုင်ငံရေး အပြောင်းအလဲထဲက ခက်ခဲတဲ့ အပိုင်းတခု ဖြစ်နေတဲ့ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေကြား ငြိမ်းချမ်းရေးရဖို့ အရေးမှာ ကြားဝင် ဆောင်ရွက်နိုင်ဖို့အတွက် ဂျပန်အစိုးရကအထူး သံတမန်တဦးကို ခန့်အပ် တာဝန်ပေးအပ်လိုက်ပါတယ်။

ခန့်အပ်တာဝန်ပေးခံရသူကတော့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာတဲ့ အထောက်အပံ့ အကူအညီတွေကို ရှေးဦးမဆွကထဲက ပေးနေခဲ့တဲ့ နီပွန်ဖောင်ဒေးရှင်းရဲ့ ဥက္ကဌ မစ္စတာ ယိုဟီအီ ဆာဆာကာဝါ ဖြစ်ပါတယ်။

အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ကျောင်းတွေ၊ အဆောက်အဦတွေ ဆောက်ပေးခဲ့တယ်၊ ဆေးဝါးတွေ ထောက်ပံ့ပေးခဲ့တယ်။ ဒီတော့ မြန်မာ့အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာ ဂျပန်အစိုးရရဲ့ ပေါ်လစီအနေနဲ့ အစိုးရရော ပုဂ္ဂလိကပိုင်း အနေနဲ့ပါ ချိတ်ဆက် ဆောင်ရွက်ဖို့အတွက် သူ့ကို ဂျပန်အစိုးရက ခန့်အပ် တာဝန်ပေးတာလို့ မစ္စတာ ဆာဆာကာဝါက ပြောပါတယ်။

လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့တွေနဲ့ရော ၊ ၈၈ မျိုးဆက်တွေနဲ့ရော ယူကေအစိုးရ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ပါ လက်တွဲလို့ မြန်မာ့အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆောင်ရွက်မယ်လို့ သူက ဆိုပါတယ်။

မြန်မာစစ်အစိုးရလက်ထက် နှစ်ပေါင်းများစွာ နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုတွေ ခံခဲ့ရသလို စီးပွားရေးအရလည်း အရေးယူ ပိတ်ဆို့မှုတွေ ခံခဲ့ရပါတယ်။ အခုတော့ မျက်မှောက် မြန်မာ့နိုင်ငံရေး ပွင့်လန်းမှုမှာ ဥရောပ၊ အမေရိကတို့နဲ့အတူ တရုတ်နဲ့ ဂျပန်တို့က ငြိမ်းချမ်းရေး ကိစ္စမှာ ဝင်ကူနေပါတယ်။

မြန်မာဟာ လူဦးရေ သန်း ၆၀ ရှိတဲ့ နိုင်ငံကြီး တနိုင်ငံပါ၊ ဒါကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဒီမိုကရေစီလမ်းကြောင်းမှန်အတိုင်း ဆက်လက်လျှောက်လှမ်းဖို့ မြန်မာကို ဖိအားပေး တိုက်တွန်းနေကြတာပါ။ ဒါဟာ တရုတ်တနိုင်ငံထဲရဲ့ တာဝန်မဟုတ်သလို ဂျပန်တနိုင်ငံထဲရဲ့ တာဝန်လည်း မဟုတ်ပါဘူး။ ယူကေအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ တာဝန်လည်း ဖြစ်ပါတယ်။ ဒီတော့ မြန်မာ့ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဂျပန်အစိုးရက သူ့ကို အထူးသံတမန် ခန့်သလိုပဲ ကျန်နိုင်ငံအားလုံးကလည်း အထူးသံတမန်တွေ ခန့်အပ်ကြလို့ ဝိုင်းဆောင်ရွက်ဖို့ လိုပါတယ်လို့ မစ္စတာ ဆာဆာကာဝါက ထောက်ပြပါတယ်။

မြ်မာ့ငြိမ်းချမ်းရေးအတွက် ဂျပန်ရဲ့ အထူးသံတမန်တာဝန်ဟာ မသေးမှန်းလည်း သူသိပါတယ်လို့ နီပွန်ဖောင်ဒေးရှင်းရဲ့ ဥက္ကဌက ပြောပါတယ်။

ဒီတာဝန်ဟာ ကြီးလေးတဲ့ တာဝန်ဆိုတာ သဘောပေါက်တယ်။ မြန်မာ့အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှာ တာဝန်ရှိနေပါတယ်။ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲတွေကို နိုင်ငံတကာက တွေ့မြင်ချင်ကြတာကိုး၊ ဒီတော့ နိုင်ငံတကာ အသိုင်းအဝိုင်းက အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်လို့ မြန်မာကို ပံ့ပိုးကူညီသွားကြမယ်ဆိုရင် ဒီကိစ္စ အောင်မြင်မယ်လို့ သူ ယုံကြည်တယ်လို့ မစ္စတာ ဆာဆာကာဝါက ပြောပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။