BBC navigation

ဘောလုံးပွဲ လုပ်ပွဲ စီစဉ်သူ ရဲကဖမ်းဆီး

နောက်ဆုံး ရေးသားချိန် 21 ဖေဖေါ်ဝါရီလ 2013 - 17:23 GMT
Match fixing

ဘောလုံး လောင်းကစားကြသူ များပြားလာ

အီတလီနိုင်ငံက မီလန် လေဆိပ်မှာ စင်္ကာပူက လာတဲ့ လူတယောက်ကို ဘောလုံး လုပ်ပွဲစီစဉ် သူဖြစ်လို့ အီတလီ ရဲတပ်ဖွဲ့က ဖမ်းလိုက်ပါတယ်။

အခု အဖမ်းခံလိုက် ရတဲ့ သူက စင်္ကာပူကနေ လာတာ ဖြစ်ပေမယ့်လို့ အာရှသားတော့ မဟုတ်ပါဘူး။

အဲဒီလူဟာ စလိုဗေးနီးယား လူမျိုး ဖြစ်ပြီး နာမည်ကတော့ အဒ်မီယာ ဆူလစ်ချ် ဖြစ်တယ်လို့ အီတလီ မီဒီယာ တွေက ပြောကြပါတယ်။

သူ့ကို မီလန် လေဆိပ်မှာ ခြေချချခြင်းမှာပဲ ဖမ်းလိုက်ကြတာပါ။

သူဒီခရီးစဉ် နဲ့ ပါလာမယ် ဆိုတာကိုတော့ သူ့ရဲ့ ရှေ့နေက သတင်းပေးခဲ့ တာတဲ့။

ဒါပေမယ့်လို့ ဒီလူဟာ အာရှ ဘောလုံး လောကမှာ လုပ်ပွဲတွေ ကစားဖို့ စီစဉ်ပေးတဲ့ စင်္ကာပူ အခြေစိုက် အဖွဲ့တွေနဲ့ တော့ ပတ်သက် ယှက်နွယ် နေတယ် ဆိုပြီး နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုလ်က ပြောပါတယ်။
အင်တာပိုလ်ရဲ့ အဆိုအရ ဒီလူဟာ လုပ်ပွဲ စီစဉ်တဲ့ စင်္ကာပူက စီးပွားရေး သမားဒန်တန် ခေါ် တန်ရှိအန်း နဲ့ ပတ်သက် နေတယ်လို့ ပြောပါတယ်။

အခု အဖမ်းခံလိုက်ရတဲ့ မစ္စတာဆူလစ်ချ် စီးနင်းလာခဲ့တဲ့ လေယာဉ် ထဲမှာ အဲဒီ တန်ရှိအန်းတောင် လိုက်ပါလာတယ်လို့ အစောပိုင်း ထွက်လာ တဲ့ သတင်းတွေ မှာ ဆိုကြပါတယ်။

ဘန်ကောက်က ဘီဘီစီ သတင်းထောက် ကတော့ ဒီလို ဖမ်းဆီးမှု တခု လုပ်မယ် ဆိုတာက လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ညနေလောက် ထဲက သတင်းအနံ့ ထွက်လာ ခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

အင်တာပို ရဲတပ်ဖွဲ့ရဲ့ အတွင်း ရေးမှူးချုပ် ရော်နယ် နိုဘယ်လ်က မလေးရှား နိုင်ငံမှာ ပြုလုပ် ခဲ့တဲ့ လုပ်ပွဲ ကစားမှု တိုက်ဖျက်ရေး နဲ့ ပတ်သက်လို့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဘယ်သူဆိုပြီး နာမည်နဲ့ မပြောခဲ့ပေမယ့် အဲဒီလူအီတလီမှာ လုပ်ပွဲကစားလို့ ဒဏ်ချခံရတဲ့ ဘောလုံး သမားတွေနဲ့ ပတ်သက်တယ်လို့ တော့ ဆိုသွား ခဲ့ပါတယ်။

အခု အဖြစ်အပျက် ကတော့ ဥရောပ တိုက်ဘက်မှာ ဘောလုံး လုပ်ပွဲကစား မှုတွေနဲ့ ပတ်သက်လို့ ၁၈ လကြာ စုံစမ်း စစ်ဆေး မှုတွေက တွေ့ရှိချက်တွေ ထွက်လာ ခဲ့တာရဲ့ နောက်ဆက်တွဲ ပဲ ဖြစ်ပါတယ်။

အဲဒီ စုံစမ်း တွေ့ရှိ ချက်တွေထဲမှာ ဆိုရင် စင်္ကာပူ အခြေစိုက် ဒုစရိုက် အဖွဲ့ တခုက ဥရောပ တိုက် ၁၅ နိုင်ငံ လောက်မှာ အနှံ့ ကွန်ယက် ဖြန့်လို့ လုပ်ပွဲတွေ စီစဉ် ခဲ့တယ်လို့ ဆိုပါတယ်။

အင်တာပိုက စင်္ကာပူဟာ ဒီလို လုပ်ပွဲ စီစဉ်သူတွေကို လွတ်လွတ်လပ်လပ် ပေးနေထားတယ် ဆိုပြီးတော့လည်း ဝေဖန် ပြစ်တင် ထားပါတယ်။

စင်္ကာပူ အပါအဝင် အရှေ့တောင် အာရှ နိုင်ငံတွေဟာ နိုင်ငံတကာမှာ လုပ်ပွဲတွေ ကစားဖို့ စီစဉ်ကြသူတွေရဲ့ အခြေစိုက်ရာကြီး ဖြစ်လာ နေပြီလား ဆိုတာကိုတော့ အင်တာပို အကြီးအကဲ မစ္စတာ နိုဘယ်က ဥရောပရဲတပ်ဖွဲ့တွေက အာရှဘက်က လူတွေအတွက် သတင်း အချက်အလက်တွေ မဝေမျှတော့ အဲဒီ ကိစ္စတွေကို ကိုင်တွယ်ဖို့ အတွက် ဒီဘက်က ရဲတွေမှာ ဘာမှ အထောက်အထား မယ်မယ်ရရ မရှိ ဖြစ်နေတယ်ဆိုပြီး ထောက်ပြ သွားခဲ့ပါတယ်။

နောက်ပြီး နိုင်ငံပေါင်း ၃၀ လောက်မှာ ကစားခဲ့ကြတဲ့ ပွဲ ၇၀၀ လောက် က လုပ်ပွဲတွေ ဖြစ်နေတာကိုလည်း တွေ့ရှိ ခဲ့ရပါတယ်။

ပွဲတာဝန်ခံ ၄၂၅ ယောက် အပြင် ကလပ် အသင်း တွေက အကြီးအကဲတွေ ကစားသမားတွေနဲ့ ဒုစရိုက် သမား တချို့ကို လုပ်ပွဲ တွေ စီစဉ်ခဲ့တယ်လို့ ဆိုထားပါတယ်။

အခုတော့ အဲဒီ ကိစ္စတွေနဲ့ ဖမ်းခဲ့တဲ့ လူပေါင်း ၅၀ လောက် ရှိပြီလို့လည်း သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။