BBC navigation

ပွင့်လင်း အုပ်ချုပ်ရေး ဖြစ်လာ တော့မှာလား

နောက်ဆုံး ရေးသားချိန် 21 ဖေဖေါ်ဝါရီလ 2013 - 15:45 GMT
President of Burma, U Thein Sein

ကောင်းမွန် သန့်ရှင်းတဲ့ အစိုးရ ဖြစ် အောင် လုပ်မယ်လို့ သမ္မတ ဆို

မြန်မာ နိုင်ငံဟာ ၂၀၁၆ ခုနှစ်မှာ Open Governance Partnership လို့ ခေါ်တဲ့ ပွင့်လင်း ကောင်းမွန်တဲ့ အုပ်ချုပ်ရေး အဖွဲ့ဝင် ဖြစ်လာအောင် ဆောင်ရွက် မယ်လို့ သမ္မတ ဦးသိန်းစိန်က ကတိ ပြုခဲ့ ကြောင်း သူနဲ့ တွေ့ဆုံ ခဲ့တဲ့ ဗြိတိသျှ အစိုးရရုံး ဝန်ကြီး ဖရန့်စစ် မော့ဒ် Francis Maude က ပြောပါတယ်။

ဒီလို နိုင်ငံတကာ အဖွဲ့အစည်းမှာ အဖွဲ့ဝင် နိုင်ငံဖြစ်လာဖို့ ဆောင်ရွက် မယ်လို့ သမ္မတဦးသိန်းစိန်က ကတိ ပေးလိုက်တဲ့ အတွက်၊ အဲဒီ အဖွဲ့ အစည်းရဲ့ စည်းကမ်းချက် တွေကို ပြည့်မီအောင် မြန်မာနိုင်ငံက လိုက်နာ ဆောင်ရွက် ရတော့မှာ ဖြစ်ပါတယ်။

ဒီစည်းကမ်း သတ်မှတ်ချက် တွေ အရ မြန်မာ အစိုးရ အနေနဲ့ Open Governance Partnership အဖွဲ့ဝင် ဖြစ်လာဖို့ အရေးကြီးတဲ့ ပြုပြင် ပြောင်းလဲ မှုတွေ လုပ်ပြဖို့ လိုပါတယ်။

အဲဒီ အချက်တွေ ကတော့ ဘတ်ဂျက် ရေးဆွဲရာမှာ ပွင့်လင်း မြင်သာမှု ရှိဖို့၊ အဆင့်မြင့် ပြည်သူ့ ဝန်ထမ်း အရာရှိကြီး တွေရဲ့ ပိုင်ဆိုင်မှုကို ထုတ်ဖော် ကြေညာဖို့၊ လွတ်လပ်တဲ့ သတင်း မီဒီယာ အတွက် ဥပဒေ ပြဋ္ဌာန်းဖို့၊ အစိုးရ ဆီကနေ သတင်း အချက် အလက်တွေ တောင်းဆို သိရှိနိုင်ခွင့် ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်း ဖို့တွေကို ဆောင်ရွက်ဖို့ စတာတွေ ပါဝင် တယ်လို့ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ ခဲ့တဲ့ ဗြိတိသျှ အစိုးရရုံး ဝန်ကြီး ဖရန့်စစ် မော့ဒ်က ရှင်းပြ ပါတယ်။

သမ္မတ ဦးသိန်းစိန်က အခု ဗြိတိသျှ ဝန်ကြီးကို ကတိ ပေးလိုက် ပေမဲ့ ၂၀၁၆ ခုနှစ် မတိုင်ခင် အဲဒီ ကတိကို ဖြည့်ဆည်း နိုင်ဖို့ က လောလောဆယ် ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်နေပါ သေးတယ်။

သတင်း မီဒီယာ လွတ်လပ်ခွင့် ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်း နိုင်ဖို့ နီးစပ် ပေမဲ့ ဘတ်ဂျက် ဆိုင်ရာ ပွင့်လင်းဖို့က ခုချိန်မှာ ကြိုးစား နေရတုန်း ဖြစ်ပါတယ်။

ဝန်ကြီး တွေရဲ့ ပိုင်ဆိုင်မှုကို ထုတ်ဖော် ကြေညာဖို့ လွှတ်တော်မှာ အဆို တင်ခဲ့တုန်းက တော့ အခြေခံ ဥပဒေနဲ့ မကိုက်ညီဘူး ဆိုပြီး အစိုးရက ပယ်ချခဲ့ ပါတယ်။

ဒါ့အပြင် အနောက် နိုင်ငံတွေမှာ လက်ရှိ ကျင့်သုံး နေတဲ့ ဥပဒေတွေ အရ အစိုးရက လျှို့ဝှက် ထိမ်းသိမ်း ထားတဲ့ သတင်း အချက် အလက် တွေကို ကာလ တခု အကြာမှာ အများ ပြည်သူကို သိရှိခွင့် ပေးဖို့ ဆိုတာ ကလည်း မြန်မာ နိုင်ငံမှာ အရင်က မကြားဘူး သေးတဲ့ ကိစ္စပါ။

ဒါတွေကို ဖြည့်ဆည်း နိုင်ပြီးတဲ့ အခါ မှာလည်း ပွင့်လင်း မြင်သာမှု အတွက် အဖွဲ့ဝင် နိုင်ငံ တခု အနေနဲ့ ဆက်လက် ဆောင်ရွက် သွားမယ့် အစီအစဉ်ကို တင်ပြ ရမှာ ဖြစ်ပါတယ်။

ဒီလို စံနှုန်း သတ်မှတ်ချက် မြင့်မား တဲ့ အဖွဲ့ အစည်းမှာ ပါဝင် နိုင်မယ် ဆိုရင် မြန်မာ နိုင်ငံ အတွက် အကျိုးရှိမှာ သေချာပေမဲ့ ၂၀၁၅ မှာ ကျင်းပမယ့် နောက် ရွေးကောက်ပွဲ အပြီး တနှစ် အကြာမှာ ဒါတွေ အားလုံးကို ဖြည့်ဆည်း ပြီးသား ဖြစ်ဖို့ ကတော့ သမ္မတဦးသိန်းစိန် အစိုးရ အနေနဲ့ ကျော်လွှားရမယ့် အခက် အခဲတွေ ရှိနေနိုင် ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။