BBC navigation

စွမ်းအင်နဲ့ ကာကွယ်ရေး ဘတ်ဂျက်အများဆုံး သုံးမယ်

နောက်ဆုံး ရေးသားချိန် 22 ဖေဖေါ်ဝါရီလ 2013 - 17:52 GMT

လာမယ့်အပတ် လွှတ်တော်မှာ ဆွေးနွေး အတည်ပြုပြီးမှ ဘတ်ဂျက် ဘယ်လောက် သုံးမလဲ ဆိုတာ သိမှာ ဖြစ်ပါတယ်

မြန်မာနိုင်ငံမှာ ၂ဝ၁၃-၂ဝ၁၄ ခုနှစ် ဘတ်ဂျက် အတွက် ကျပ် သန်းပေါင်း ၁၅ သန်းနီး ယာထားရာ၊ စွမ်းအင်နဲ့ ကာကွယ်ရေး ဝန်ကြီး ဌာနတွေက အများဆုံး သုံးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဘတ်ဂျက် သန်းပေါင်း ၁၅ သန်း ထဲ ကနေ စွမ်းအင် ဝန်ကြီးဌာနက သန်းပေါင်း ၃ သန်း နီးပါး သုံးမှာ ဖြစ်ပြီး၊ ကာကွယ်ရေး ဝန်ကြီး ဌာနက ဒုတိယ အများဆုံး အနေနဲ့ ကျပ် သန်းပေါင်း ၂ သန်းကျော် သုံးစွဲဖို့ ရာထား ပါတယ်။

အစိုးကရ ရနိုင်မယ့် ငွေက ကျပ် သန်းပေါင်း ၁၁ သန်း ကျော်သာ ရှိတာ ကြောင့် သုံးမယ့် ငွေက များနေလို့ ကျပ်သန်းပေါင်း ၃ သန်း နီးပါး အခု ကတည်းက လိုငွေပြ နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးဖို့ အတွက် ၂ဝ၁၃-၂ဝ၁၄ ခုနှစ် ဘတ်ဂျက် မူကြမ်းကို လွှတ်တော် အမတ်တွေကို ဖြန့်ဝေ ထားတာ ဖြစ်ပြီး၊ လာမယ့် တနင်္လာနေ့ ကျရင် ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေး ကြတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်နဲ့ ယှဉ်ကြည့်ရင် ဘတ်ဂျက်က သန်းပေါင်း ၃ သန်း နီးပါး ပိုများလာ သလို ဝန်ကြီးဌာန အတော် များများ ကလည်း ဘတ်ဂျက် ပိုသုံး လာတာကို တွေ့ရ ပါတယ်။

ကျန်းမာရေးက သန်းပေါင်း ၅ သိန်း နီးပါး သုံးဖို့ ယာထားပြီး၊ ပညာရေးအတွက် သန်းပေါင်း ၈ သိန်းနီးပါး ရှိပါတယ်။ အစိုးရ ဘတ်ဂျက်မှာက သာမန် အသုံး စရိတ် နဲ့ ငွေလုံး ငွေရင်း အသုံး စရိတ်ဆိုပြီး ဘတ်ဂျက် သုံးငွေ ၂ မျိုးရှိ ပါတယ်။

သာမန် အသုံး စရိတ် ဆိုတာက ဝန်ထမ်း လစာ၊ ခရီး စရိတ်၊ ရုံးသုံး စရိတ် အစရှိတဲ့ မဖြစ်မနေ သုံးရမယ့် ငွေတွေ ဖြစ်ပါတယ်။ ငွေလုံး ငွေရင်း ဆိုတာ ကတော့ တိုင်းပြည် ဖွံ့ဖြိုးရေး အတွက် နောက်ထပ် အသစ် ရင်းနှီး မြှုပ်နှံမယ့်ငွေ ဖြစ်ပါတယ်။ ဥပမာ ဆေးရုံ ဆေးခန်းတို့ ကျောင်းတို့ ဆေးဝါး စက်ရုံတို့ လက်နက် စက်ရုံ တို့ အစ ရှိတာတွေကို သုံးဖို့ ဖြစ်ပါတယ်။

လာမယ့်နှစ် ဘတ်ဂျက် အားလုံးက ၁၅ သန်း နီးပါး ရှိပြီး အဲ့ဒီ အထဲက အသစ် ရင်းနှီး မြှုပ်နှံမယ့် ငွေလုံး ငွေရင်းက ၅ သန်း နီးပါး ဖြစ်ပါတယ်။ အကျိုး အလိုက် ပြောမယ် ဆိုရင် ငွေလုံး ငွေရင်းက ဘတ်ဂျက်ငွေ အားလုံးရဲ့ ၃ ပုံ တစ်ပုံ ဖြစ်ပါတယ်။

အဲ့ဒီ ငွေလုံး ငွေရင်း သန်းပေါင်း ၅ သန်း နီးပါး ထဲက အများဆုံး သုံးဖို့ ပြင်ဆင် ထားတာက ကာကွယ်ရေး ဝန်ကြီး ဌာန ဖြစ်တယ်။ သန်းပေါင်း ၁ သန်းကျော် ဖြစ်ပါ တယ်။

ရာခိုင်နှုန်းနဲ့ တွက်ရင် ငွေလုံး ငွေရင်း အားလုံးရဲ့ ၂၂ ရာခိုင်နှုန်း ကျော် ရှိပါတယ်။ ကာကွယ်ရေး ဝန်ကြီး ဌာနက သုံးမယ့် ငွေလုံး ငွေရင်းနဲ့ ပတ်သက်ပြီး လျို့ဝှက် ထားပေမယ့် လွှတ်တော်ကို တင်ပြ ထားတဲ့ အထဲက ပြောနိုင်တာ ကတော့ စစ်သုံး ဆိုင်ရာ ဝယ်ဖို့ ဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော် ပြည်သူ့ ငွေစာရင်း ကော်မတီ အဖွဲ့ဝင် စိုင်းသီဟကျော်က ပြောပါတယ်။

ဘတ်ဂျက်ငွေ သန်းပေါင်း ၃ သန်း နီးပါး အများဆုံး တောင်းထားတဲ့ စွမ်းအင် ဝန်ကြီး ဌာနက ပြန်သုံးမယ့် ငွေလုံး ငွေရင်းက သန်းပေါင်း ၈ သောင်း ကျော်ပဲရှိ ပါတယ်။

ဒါတွေက အစိုးရက သုံးဖို့ ပြင်ဆင် ထားတဲ့ အထဲက တချို့ ဖြစ်ပြီး၊ လာမယ့် အပတ်မှာ လွှတ်တော်က ဆွေးနွေးပြီး အတည်ပြုမှသာ ဘတ်ဂျက်ငွေ အားလုံး ဘယ်လောက် သုံးမလဲ ဆိုတာ သိနိုင်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။