BBC navigation

သမ္မတ ဦးသိန်းစိန် ဥရောပ ငါးနိုင်ငံ သွားမယ်

နောက်ဆုံး ရေးသားချိန် 22 ဖေဖေါ်ဝါရီလ 2013 - 15:27 GMT
Burmese President U Thein Sein

သမ္မတရဲ့ ပထမဆုံး ဥရောပ ခရီးစဉ် မကြာခင် စတင်မယ်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က လာမယ့် ရက်ပိုင်း အတွင်း နော်ဝေ၊ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနဲ့ အီတလီ စတဲ့ ဥရောပ ငါးနိုင်ငံ ခရီးစဉ် သွားရောက် မယ်လို့ အစိုးရ ဘက်က ကြေညာ ပါတယ်။

ဥရောပ သမဂ္ဂနဲ့ သက်ဆိုင်ရာ နိုင်ငံ အသီးသီးက အကြီး အကဲ တွေရဲ့ ဖိတ်ကြားချက် အရ သွားရောက် မယ့် အခု ခရီးစဉ်မှာ မြန်မာ နိုင်ငံ အတွင်း ပြုလုပ် နေတဲ့ ပြုပြင် ပြောင်းလဲမှုတွေ ရဲ့ ပကတိ အခြေ အနေ တွေကို ဥရောပ က အစိုးရနဲ့ ဥပဒေပြုရေး တာဝန်ရှိသူတွေ နားလည် အောင် ရှင်းလင်း ပြောပြမှာ ဖြစ်တယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူ ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

မြန်မာ နိုင်ငံ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ အတွက် အဟန့် အတား ဖြစ်နေတာ တွေကို ဖယ်ရှား နိုင်ပြီး ပိုမို အကူအညီ ပေးနိုင်ရေး တို့ကို လည်း ဆွေးနွေး ကြမယ်လို့ သူက ပြောပါတယ်။

မြန်မာ နိုင်ငံမှာ ပြုလုပ်နေတဲ့ စီးပွားရေး ပြပြင် ပြောင်းလဲမှု တွေကို အရှိန် အဟုန်နဲ့ လုပ်ဆောင် နိုင်ဖို့ရာ ဥရောပ သမဂ္ဂက ပယ်ဖျက်ပေးဖို့ ကျန်နေသေးတဲ့ ကန့်သတ်ချက်တွေ ဖယ်ရှားနိုင်ဖို့နဲ့ မြန်မာ နိုင်ငံ ရသင့် ရထိုက်တဲ့ အခွန် ကင်းလွတ်ခွင့် အခွင့် အရေးမျိုး မြန်မြန် ရနိုင်ဖို့ စတာတွေကိုလည်း ဆွေးနွေးဖို့ ရှိတယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ ဥပဒေ ထွက်လာပြီ ဖြစ်လို့ အခု ခရီးစဉ် အတွင်း ဆွေးနွေး ကြမယ့် အထဲ ဥရောပ ဘက်က ကုမ္ပဏီတွေ ပိုမို ရင်းနှီး မြှုပ်နှံရေး ကိစ္စနဲ့ မြန်မာ အစိုးရက ဖော်ဆောင်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စမှာ ဥရောပ သမဂ္ဂ ဘက်က ပိုမို ကူညီနိုင်ရေး တို့လည်း ပါဝင် တယ်လို့ ဆိုပါတယ်။

တစ်နိုင်ငံချင်းစီ ဆွေးနွေး ကြမယ့် အထဲမှာတော့ နော်ဝေ နိုင်ငံ ဘက်က သဘာဝ ဓါတ်ငွေ့ကဏ္ဍ၊ နည်းပညာ ကဏ္ဍ တို့မှာ ရင်းနှီး မြှုပ်နှံမှုတွေ ပြုလုပ် ဖို့ မျှော်လင့် နိုင်တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

သမ္မတရဲ့ ဥရောပ ခရီးစဉ်မှာ နိုင်ငံခြားရေး ဝန်ကြီး အပါအဝင် ဝန်ကြီး ဌာန အသီးသီးက ဝန်ကြီးတွေ၊ စီးပွားရေးနဲ့ ပတ်သက်တဲ့ အဖွဲ့ အစည်းက ပုဂ္ဂိုလ်တွေ လိုက်ပါ သွားမယ်လို ဆိုပါတယ်။

နော်ဝေနိုင်ငံမှာ ဖေဖော်ဝါရီ ၂၆ ရက် နေ့ကနေ ၂၈ ရက်နေ့ အထိ နေထိုင်မှာ ဖြစ်ပြီး မြန်မာ သမ္မတနဲ့ အတူ လူ ၃၀ လောက် လိုက်ပါ သွားမယ်လို့ သံတမန် အသိုင်း အဝိုင်းက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။