BBC navigation

ငြိမ်းချမ်းရေးအတွက် လူထုသဘောထား တောင်းခံ

နောက်ဆုံး ရေးသားချိန် 24 ဖေဖေါ်ဝါရီလ 2013 - 15:58 GMT
KIA

ကချင်လွတ်လပ်ရေးတပ် ကေအိုင်အေ တပ်ဖွဲ့ဝင်များ

အစိုးရနဲ့ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ လုပ်ငန်းစဉ်မှာ ထည့်သွင်းအသုံးချနိုင်ဖို့ လူထုရဲ့ သဘောထားကို ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုက တောင်းယူခဲ့တယ်လို့ သိရပါတယ်။

တဘက်မှာတော့ ကချင်လွတ်လပ်ရေးတပ် ကေအိုင်အေနဲ့ အစိုးရတပ်တွေကြား တိုက်ပွဲတွေကလည်း ဖြစ်နေတုန်းဖြစ်ပြီး၊ ပြင်းထန်တယ်လို့လည်း ကချင်ဘက်က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၃ မနက် ၉ နာရီ ဝန်းကျင်က အစိုးရတပ် ခလရ ၂၆၀၊ နယ်ခြားစောင့်တပ်နဲ့ ဦးဇခုန်တိန်ယိမ်းရဲ့ ပြည်သူ့စစ် သုံးဖွဲ့ပေါင်း အင်အား ၂၀၀ ကျော်နဲ့ ကချင်တပ်တွေကြား ထိစပ်မှု ဖြစ်ခဲ့တာလို့ သိရပြီး အသေအပျောက် စာရင်းတော့ မသိရသေးဘူးလို့ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုရဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှူးနဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်းက ဘီဘီစီကို ပြောပါတယ်။

အချိန်အတော်ကြာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မဖြစ်ဘဲ တိုက်ပွဲတွေချည်း ဆက်တိုက် ကြုံပြီးနောက်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်မှာတော့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုကြား ပထမဆုံးအကြိမ် ပြန်လည်လို့ ငြိမ်းချမ်းရေး စကားပြောနိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ တရုတ်အစိုးရရဲ့ ထောက်ပံ့ကူညီမှုနဲ့ ပြန်လည် စကားပြောနိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ကချင်ပြည်နယ်မှာ ရက်ပိုင်းလောက် သေနတ်သံတွေ တိုးတိတ်သွားခဲ့ပေမယ့်လို့ အခုတော့တခါ နှစ်ဘက်တပ်တွေကြား ထိစပ် တိုက်ခိုက်မှုတွေ ပြန်ဖြစ်လာတာလို့ သိရပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးတာကတော့ ဆက်သွားမယ်၊ ဒါပေမဲ့ နောက်တကြိမ် တွေ့ဖို့အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်လို့ ဦးလာနန်းက ဘီဘီစီကို ပြောပါတယ်။

ပြင်ဆင်မှု ဆိုတာမှာ လူထုသဘောထား ယူတာရယ်၊ ဖေဖော်ဝါရီ ၂၃ က ဖြစ်ခဲ့တဲ့ နှစ်ဘက် ထိစပ် တိုက်ခိုက်မှုရဲ့ အကြောင်းရင်း ရှာဖို့ရယ်၊ အခုတလော ဖြစ်လာတဲ့ ရှမ်းမြောက် တပ်မတော်နဲ့ အစိုးရတပ်ကြား တိုက်ခိုက်မှုတွေကို သုံးသပ်ဖို့ရယ် ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အစိုးရဘက်ကတော့ ဖေဖော်ဝါရီ ၄ တွေ့ဆုံမှုက သဘောတူ ထားတဲ့အတိုင်း ဒီလအတွင်း နောက်တကြိမ် ထပ်တွေ့ဖို့၊ အထူးသဖြင့် ဖေဖော်ဝါရီ ၂၈ မှာ တွေ့ဖို့ ကမ်းလှမ်းထားပေမယ့် ဦးလာနန်းကတော့ ပြင်ဆင်မှုတွေကြောင့် ဒီလအတွင်း တွေ့ဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘဲ မတ်လအတွင်းမှသာ ဖြစ်နိုင်ချေ ရှိတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၂၊ ၂၃ ကလည်း ကေအိုင်အိုက လူထုနဲ့ တွေ့ဆုံခဲ့ရာမှာ လူထုက အခု ကေအိုင်အို သွားနေတဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို ထောက်ခံခဲ့ကြပြီး၊ အစိုးရနဲ့ ငြိမ်းချမ်းရေး စကားပြောတဲ့အခါ ပြည်တွင်းက မဟုတ်တဲ့ နိုင်ငံကြီးတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကြားဝင် ဆောင်ရွက်ဖို့ကို အကြံပေးခဲ့တယ်လို့လည်း ဦးလာနန်းက ပြောပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။