BBC navigation

စည်းလုံးမှ လွတ်လပ်မှု အတူ ခံစားရမယ်လို့ ဘုန်းတော်ကြီး တူးတူး ပြော

နောက်ဆုံး ရေးသားချိန် 27 ဖေဖေါ်ဝါရီလ 2013 - 15:40 GMT
Archbishop Desmond Tutu in Burma

ဘုန်းတော်ကြီး တူးတူးက အမေရိကန် စင်တာမှာ ဟောပြောခဲ့

တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန် တူးတူးက မြန်မာ နိုင်ငံမှာ စည်းလုံး ညီညွတ်ခြင်းနဲ့သာ လွတ်လပ်မှုကို အတူ တကွ ခံစား နိုင်မယ်လို့ ပြော ပါတယ်။

ဒါ့အပြင် ပုံစံသစ်နဲ့ အသား အရောင် ခွဲခြားမှုမျိုး မဖြစ်သင့်ဘူး လို့လည်း သူက ပြောပါတယ်။

ရန်ကုန်မြို့ အမေရိကန် စင်တာမှာ ဗုဒ္ဓဟူး နေ့က ကျင်းပခဲ့တဲ့ ဟောပြောပွဲမှာ တောင်အာဖရိက ခရစ်ယာန် ဘုန်းတော်ကြီး ဒက်စမွန် တူးတူးက အာဏာရှင် မှန်သမျှဟာ တနေ့တော့ မြေမှုန် လေးတွေလို ဖြစ်ပြီး ကျဆုံး ရတာပဲလို့ ပြောခဲ့ ပါတယ်။

အုပ်ချုပ်သူတွေ အနေနဲ့ လူတွေကို လွတ်လပ်ခွင့် ပေးတာဟာ ဖိနှိပ်တဲ့ နည်းထက် ပိုကောင်းတယ်လို့ သူပြောနေကျ ထုံးစံ အတိုင်း အရယ် အသော လေးတွေနဲ့ သူ ပြောသွားခဲ့ ပါတယ်။ ဖိနှိပ် တာတွေ မလုပ်တဲ့ အတွက် ထောင်သွင်း အကျဉ်း ချတာတွေ မလိုတော့ သလို ပိတ်ဆို့ အရေးယူ တာတွေ လည်းမရှိ တော့ဘူးလို့ ပြောပါတယ်။

ဒါ့အပြင် တဦးနဲ့ တဦး ခွင့်လွှတ်တာ၊ အပြန် အလှန် လက်ခံ တာကသာ အဖြေရ နိုင်ပြီး လက်စား ချေခြင်း အားဖြင့် အကျိုးရှိ လာမှာ မဟုတ်တဲ့ အကြောင်း သူက ပြောခဲ့ပါ တယ်။

မြန်မာ နိုင်ငံကို ရောက်လာတုန်း ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ခဲ့ ရတာကို ဝမ်းသာကြောင်း၊ လက်ရှိ ပြုပြင် ပြောင်းလဲရေး တွေနဲ့ ပတ်သက်လို့ လည်း သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ချက် တွေကို ချီးကျူး ကြောင်းနဲ့ တဘက်မှာလည်း ရိုဟင်ဂျာတွေ ကြုံတွေ့ နေရတဲ့ ဒုက္ခတွေကို စိတ်မကောင်း ဖြစ်မိတဲ့ အကြောင်း ပြောပါတယ်။

အာဖရိက နိုင်ငံမှာ ကြုံတွေ့ ခဲ့ရတဲ့ အခြေ အနေတွေနဲ့ နှိုင်းယှဉ်ပြီး ဒီမှာလည်း နောက်ထပ် အသား အရောင် ခွဲခြားတဲ့ ပုံစံမျိုး ဖြစ်မလာ သင့်ဘူးလို့လည်း သူက ပြောခဲ့ ပါတယ်။

ဟောပြောပွဲ အပြီး သတင်းထောက် တွေနဲ့ သီးခြား တွေ့ဆုံတဲ့ အခါ မြန်မာ နိုင်ငံမှာ အတိတ်က ဖြစ်ခဲ့တာ တွေနဲ့ ပတ်သက်လို့ လူတွေက သူတို့ ဘယ်လို ခံစားခဲ့ရတယ် ဆိုတာတွေကို ပြန်ပြော ပြခွင့် ရသင့်တယ်လို့ ပြောခဲ့ ပါ တယ်။

လူအများစု အနေနဲ့ သူတို့ ဘယ်လို ဒုက္ခတွေ ခံစား ခဲ့ရတယ် ဆိုတာ ပြောပြချင် ကြတယ်။ သူတို့ ဆီမှာ အမှန်တရားနဲ့ ရင်ကြားစေ့ရေး ကော်မရှင်မှာ လူနှစ်သောင်း လောက်ရဲ့ အဖြစ် အပျက်တွေကို ကြားခဲ့ရ တာ ရှိခဲ့ တယ်။ အဲဒီထဲမှာ သူတို့ ခံစား ခဲ့ရတာ အတွက် ပြန်လည် လက်စား ချေ ခင်တယ် ဆိုတဲ့ လူမျိုး မကြုံခဲ့ ရဘူးလို့ ဘုန်းတော်ကြီး တူးတူးက ပြောပါတယ်။

တကယ် စမ်းကြည့်ရင် လူတွေရဲ့ ခွင့်လွွှတ်ခြင်း တရား ကြီးမားပုံကို တွေ့လာရလိမ့် မယ်လို့ သူက ပြောပါတယ်။

တရုတ်နိုင်ငံမှာ အဖမ်းခံ ထားရတဲ့ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် လျူရှောင်ဘိုနဲ့ ပတ်သက် လို့လည်း သူ့ရဲ့ စိတ်ဓါတ်ကို ချိုးနှိမ်လို့ ရမှာ မဟုတ်ကြောင်းနဲ့ တကယ့် လွတ်လပ်မှုကို ပေးတဲ့ အခါ တွေ့လာ ရမယ့် စွမ်းအားတွေ ဘယ်လောက် ကြီးမားတယ် ဆိုတာ တရုတ်နိုင်ငံ အနေနဲ့ တကယ်လုပ် ကြည့်ရင် အံသြစရာ တွေ့လာရ လိမ့်မယ်လို့ လည်း တောင်အာဖရိက ဘုန်းတော်ကြီးက ပြောခဲ့ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။