BBC navigation

မအူပင် အဓိကရုဏ်း

နောက်ဆုံး ရေးသားချိန် 27 ဖေဖေါ်ဝါရီလ 2013 - 19:05 GMT
farmers

မြေသိမ်းမှုများမှာ ကြာပြီဖြစ်သော်လည်း ဦးသိန်းစိန် အစိုးရလက်ထက်တွင် ဆန့်ကျင်ကန့်ကွက်သူ ပိုများလာ

မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စု ပလောင်ကျေးရွာမှာ လယ်သမားတွေနဲ့ ရဲအကြား ပဋိပက္ခ ဖြစ်ပွားမှုကြောင့် လယ်သမား ၁၉ ယောက် ဒဏ်ရာရခဲ့ကြပါတယ်။

အနည်းငယ်ဟာ သေနတ်ဒဏ်ရာရခဲ့ကြတာ ဖြစ်ပြီး အများစုကတော့ အရိုက်နှက်ခံရသူတွေ ဖြစ်ကြပါတယ်။

ရဲတချို့လည်း အရိုက်ခံကြရပြီး ဓါးခုတ်ခံရလို့ ရဲတယောက် သေဆုံးကြောင်း ဒုတိယ တိုင်းရဲမှူးက ပြောပါတယ်။

လယ်သမားတွေဟာ ၂၀၀၄ ခုနှစ်ကတည်းက Orchard ကုမ္ပဏီက သိမ်းဆည်းထားတဲ့ သူတို့ လယ်မြေတွေကို ပြန်လည် ရယူဖို့ ကြိုးစားကြရက စပြီး အခုလို ပဋိပက္ခ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။

လယ်သမားတွေဟာ လယ်ကွက်ထဲမှာ ထိုင်နေကြတဲ့ အတွက် ရဲက လူစုခွဲဖို့ နေ့ခင်းဘက်မှာ အမိန့်ပေးခဲ့ပါတယ်။ ပုဒ်မ ၁၄၄ ထုတ်ထားကြောင်း လူစုမခွဲရင် ပစ်မှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

"လူစုခွဲရင်ခွဲ မခွဲရင် ပစ်မယ်လို့ ဓါတ်စက်ကြီးနဲ့ ကြေညာပါတယ်။ ကျွန်တော်တို့ကလည်း ပြည်သူ့ရဲတွေဆိုတော့ တကယ်မပစ်လောက်ဘူးထင်လို့ ထိုင်နေခဲ့ပါတယ်" လို့ လယ်သမားတယောက်ဖြစ်တဲ့ ကိုမောင်စိုးက ပြောပါတယ်။

ညနေ ၄ နာရီ ပတ်ဝန်းကျင်မှာ ရဲတွေက အတားအဆီးတွေကို ချိုးဖျက်ပြီး ရှေ့တက်လာခဲ့ပါတယ်။ လယ်သမားတွေက ဘေးဖယ်ပေးကြပါတယ်။

ရဲက နောက်ပိုင်းမှာ ကျန်နေတဲ့ မစိန်ဝင်းကို ရိုက်နှက်ရာကစပြီး အပြန်အလှန် ရိုက်နှက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ရဲက သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး ရွာသားတချို့ သေနတ်ဒဏ်ရာရပြီး ဆေးရုံတင်ထားရပါတယ်။

အမျိုးသမီးတယောက်ကိုလည်း ရဲက ဝိုင်းဝန်းရိုက်နှက်လို့ ကိုယ်ဝန်ပျက်ကျသွားတယ်လို့ ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။