BBC navigation

မအူပင်မြို့နယ် က လယ်သမားတွေ ပြန်ဆုတ်ပေး

နောက်ဆုံး ရေးသားချိန် 28 ဖေဖေါ်ဝါရီလ 2013 - 16:23 GMT
Maubin

ဆေးရုံတင် ထားရတဲ့ လယ်သမားတွေထဲမှာ အမျိုး သမီး သုံးယောက် ပါဝင်

မအူပင် မြို့နယ် မလက်တို ကျေးရွာ အုပ်စု ပလောင် ကျေးရွာမှာ လယ်သမား တွေနဲ့ ရဲ တွေအကြား ကြာသပတေးနေ့ နေ့လယ် အထိ တင်းမာ နေခဲ့ကြပါတယ်။

အင်္ဂါနေ့က ပဋိပက္ခ ဖြစ်ပွားမှု ကြောင့် ရဲ တပ်သား တစ်ယောက် သေဆုံးပြီး နှစ်ဘက် ဒဏ်ရာ ရသူတွေ ရှိခဲ့ပြီးတဲ့နောက် အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ရာ နေရာ အနီးက လယ်ကွင်းထဲ ကနေ လယ်သမား တစ်ရာကျော် လောက် မပြန်ဘဲ ဆက်နေ ခဲ့ကြ ပါတယ်။

ကုမ္ပဏီက စတင် သိမ်းယူခဲ့ချိန် ကတည်းက တစုံတရာ အသုံး မပြုတဲ့ လယ်မြေတွေမှာ ဝင်ရောက် စိုက်ပျိုး လုပ်ကိုင်တာကို လက်သင့် ခံလိမ့်မယ် လို့ ယူဆပြီး လယ်သမားတွေ ဘက်က ဝင်ရောက်လုပ်ကိုင်ခဲ့တာဟာ ဥပဒေကို နားမလည်လို့ ပါလို့ အတိတ်ရွာက လယ်သမား ကိုမောင်စိုးက ပြောပါတယ်။

ရွှေညဝါ ဆရာတော်ကြီးက အခင်း ဖြစ်ရာ နေရာကို ရောက်လာပြီး ဥပဒေ အရ ရင်ဆိုင် ဖြေရှင်းဖို့နဲ့ လယ်သမားတွေ နေရာယူ ထားတဲ့ နေရာကနေ ပြန်ဖို့ ပြောတဲ့ အတွက် ကြာသပတေးနေ့မှာပဲ အိမ်ပြန် ကြတော့မယ်လို့ သူက ပြောပါတယ်။

ဆေးရုံတင်ပြီး ဆေးကုသမှု ခံယူ နေကြတဲ့ လယ်သမားတွေ ကတော့ လောလောဆယ် ဆက်လက် ကုသမှု ခံယူနေတုန်း ဖြစ်ပြီး သေနတ် ဒဏ်ရာ ရသူ လယ်သမား သုံးယောက်က ဒဏ်ရာတွေကြာင့် နာကျင်နေတာကလွဲရင် အသက် အန္တရာယ် စိုးရိမ်ရတဲ့ အနေ အထား မရှိကြဘူးလို့ သူတို့ကို သွားကြည့် ခဲ့သူ လမ်းပြကြယ် အဖွဲ့က လယ်သမား အရေး ဆောင်ရွက်ပေး နေတဲ့ ဒေါ်ဝင်းချိုက ပြောပါတယ်။

အစိုးရ ဘက်ကလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဆေးရုံကို သွားရောက် ကြည့်ရှု ခဲ့တယ်လို့ ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်က ပြောပါတယ်။

သူတို့ အနေနဲ့ မလိုလား အပ်တဲ့ ပြဿနာတွေ မဖြစ် ရအောင် တိုင်းဥပဒေ အရာရှိ အပါအဝင် တာဝန်ရှိသူ တွေက ကြားထဲ ကနေ ဝင်ရောက် ညှိနှိုင်း ပေးခဲ့ ပေမဲ့ လယ်သမားတွေ ဘက်က လက်မခံဘဲ ငြင်းဆန်ခဲ့ တာကြောင့် ပစ်ခတ် နှိမ်နင်း ရတဲ့ အထိ ဖြစ်လာ ခဲ့ရ တာလို့ သူက ပြောပါတယ်။

ဒါ့အပြင် သူက ဒီလို နှိမ်နင်းဖို့ အစ ကတည်းက ညွှန်ကြား ထားတာ မရှိကြောင်းနဲ့ လယ်သမားတွေ ဘက်က ရဲတွေ အပေါ် ရန်သူလို သဘောထားပြီး ဒုတ်တွေ ဓါး တွေနဲ့ တိုက်ခိုက် လို့သာ ခြောက်လှန့် ပစ်ခတ် ခဲ့တယ်လို့ ဆို ပါတယ်။

တိုင်း အစိုးရ အနေနဲ့ အတတ်နိုင်ဆုံး ညှာညှာ တာတာ ကိုင်တွယ် ဆောင်ရွက် လို့သာ လယ်သမားတွေ ဘက်က သိပ်ပြီး ထိခိုက်မှု မရှိတာလို့ ဦးအေးကျော်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။