BBC navigation

စိုင်းနော်ခမ်းနဲ့ တရားမျှတမှု

နောက်ဆုံး ရေးသားချိန် 1 မတ်လ 2013 - 17:46 GMT
Sai Naw Kham

တရုတ်အစိုးရ၏ ကွပ်မျက်ခြင်းခံရသူ စိုင်းနော်ခမ်း

မြန်မာနိုင်ငံသား မူးယစ်ရာဇာ စိုင်းနော်ခမ်းနဲ့ နောက်ထပ် ၃ ဦးကို မတ်လ ၁ ရက်နေ့ခင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြို့တော် ခွန်းမင်မှာ ဆေးထိုးပြီး သေဒဏ်ပေးလိုက်ပါတယ်။ ကျန်တဲ့ ၃ ယောက်ကတော့ ထိုင်းနိုင်ငံသား တယောက်၊ လောနိုင်ငံသား တယောက်နဲ့ နိုင်ငံမဲ့ တယောက်တို့ ဖြစ်ကြပါတယ်။

သူတို့ကို သေဒဏ်ပေးဖို့ ခေါ်ယူလာပုံ အပြည့်အစုံကို တရုတ်ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့ပါတယ်။

ဒီလို သေဒဏ်ပေးမှုနဲ့ ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်မှု အပေါ်မှာ အမြင်အမျိုးမျိုး ကွဲပြားခဲ့ကြပါတယ်။

စိုင်းနော်ခမ်းရဲ့ နှမငယ် နန်းခမ်းဟွင်းက စိုင်းနော်ခမ်းဟာ သင့်တော်တဲ့ ဖြေရှင်းချေပခွင့်မရဘဲ သေဒဏ်ပေးခံခဲ့ရတယ်လို့ ဆိုပါတယ်။ ကျန်းမာရေးကြောင့် ဖြစ်စေ၊ တိုက်ပွဲမှာ ကျဆုံးလို့ ဖြစ်စေ သေဆုံးခဲ့ရင် ဖြေသာမှာ ဖြစ်ပေမဲ့ အခုလို တရုတ်နိုင်ငံမှာ သေဒဏ်ခံရတဲ့ အတွက် ဖြေမဆည်နိုင်ဖြစ်မိတယ်လို့ ဆိုပါတယ်။ စိုင်းနော်ခမ်းဟာ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ဖြစ်ပေမဲ့ လူသတ်မှု မကျူးလွန်ခဲ့ဘူးလို့လည်း သူက ခုခံပြောဆိုပါတယ်။

တရုတ်နိုင်ငံမှာ ဒီနေ့ တီဗီမှာထုတ်လွှင့်ပြသမှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံသားတွေကြားမှာလည်း အမြင်က ကွဲနေပါတယ်။

"အခု ကျွန်တော်တို့ တွေ့ရတာကတော့ တရုတ်မှာ ဝေဘိုလို လူမှု ကွန်ယက် ဝကဘ်ဆိုက်တွေ ရှိပါတယ်။ အဲဒီမှာ တချို့ ပြောနေကြတာကတော့ ဒီလို တီဗီက တိုက်ရိုက် ထုတ်လွှင့်ပြသမှုကို ကြိုဆိုကြပါတယ်။ ဒီလို ပြလိုက်တဲ့အတွက် ရာဇဝတ်မှုတွေ၊ အထူးသဖြင့် သတ်ဖြတ်မှုတွေနဲ့ပတ်သက်တဲ့ ရာဇ၀တ်မှုတွေကို တားဆီးပေးနိုင်မယ်လို့ မြင်ကြတယ်။ နောက် တဘက်မှာလည်း တချို့ ပြောကြတာက ဒီလို သေဒဏ် စီရင်မှု မလုပ်သင့်ဘူး။ ဒါဟာ ယဉ်ကျေးရမယ့် ခေတ်မှာ ဒီလို ကွပ်မျက်တာ မလုပ်သင့်တော့ဘူး။ နောက်ပြီး ဒါက အကြမ်းဖက်မှုကို အားပေးရာ ရောက်နိုင်တယ်၊ တရုတ် အစိုးရပိုင်းက အရင်က နိုင်ငံသားတွေ သေဒဏ်ကျတုန်းက တီဗီက တိုက်ရိုက် မပြခဲ့ပဲ အခု နိုင်ငံခြားသားတွေကို ဒီလို ထုတ်ပြတာက မလုပ်သင့်ဘူးလို့ တချို့က မြင်ကြပါတယ်။"

လို႔ တရုတ်လူမျိုးတွေ အကြား အမြင်အမျိုးမျိုး ကွဲလွဲမှုနဲ့ ပတ်သက်ပြီး ဘီဘီစီ တရုတ်ဘာသာ ဌာနရဲ့ အယ်ဒီတာ ရေမွန်လီက ပြောပါတယ်။

စိုင်းနော်ခမ်းသေဆုံးချိန်မှာ အသက် ၄၃ နှစ် ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။