BBC navigation

စိုင်းနော်ခမ်းကို ကွပ်မျက်ပြီ

နောက်ဆုံး ရေးသားချိန် 1 မတ်လ 2013 - 12:11 GMT

အချုပ်ခန်း ထဲကနေ ကွပ်မျက်မယ့် နေရာကို ခေါ်ဆောင် သွားတာကို CCTV ကနေ ထုတ်လွှင့်

တရုတ် သင်္ဘောသား ၁၃ ဦးကို မဲခေါင်မြစ် ထဲမှာ ၂၀၁၁ ခုနှစ်က သတ်ဖြတ် ခဲ့မှုနဲ့ မြန်မာ နိုင်ငံသား စိုင်းနော်ခမ်းနဲ့ အပေါင်း အပါ ၃ ဦးကို တရုတ် အာဏာပိုင် တွေက ဒီကနေ့ ကွပ်မျက် လိုက်ပြီ ဖြစ်ပါတယ်။

တရားခံတွေကို ယူနန် ပြည်နယ် ကူမင်းမြို့မှာ ဆေးထိုး ကွပ်မျက် လိုက်တာ ဖြစ်ပါတယ်။

တရားခံတွေကို အချုပ်ခန်း ကနေ ကွပ်မျက်မယ့် နေရာ ခေါ်ဆောင် သွားတာကို တရုတ် ရုပ်သံ တခုဖြစ်တဲ့ CCTV ကနေ ထုတ်လွှင့် ပြသ သွားပါတယ်။

ဒါပေမယ့် ကွပ်မျက် နေမှုကိုတော့ ထုတ်လွှင့် ပြသ ခြင်းမရှိပါ။ အခုလို တရားခံတွေကို ကွပ်မျက်ဖို့ ခေါ်ထုတ် လာတာကို ရုပ်သံကနေ ထုတ်လွှင့်တာ ဟာ တရုတ် နိုင်ငံမှာ ဒါ ပထမဆုံး ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

တရုတ်နိုင်ငံ အင်တာနက် လူမှုကွန်ယက် ဗီဒီယာ တွေမှာတော့ အခုလို ရုပ်သံက ထုတ်လွှင့် ပြသသွား တာဟာ ကိုယ်ချင်းစာ တရား ကင်းမဲ့တဲ့ လုပ်ရပ် ဆိုပြီး ဒေါ်သ တကြီး တုံ့ပြန် ပြောဆို ဝေဖန် ရှုတ်ချတာကို တွေ့ရပါတယ်။

CCTV ရုပ်သံ ကနေ စိုင်းနော်ခမ်းနဲ့ မေးမြန်းခန်းကို မနေ့က ထုတ်လွှင့် သွားရာ မှာတော့ စိုင်းနော်ခမ်းက သူ့ အမေနဲ့ ကလေးတွေကို သတိရကြောင်း ပြောကြား သွားတာကို တွေ့ရပါတယ်။

စိုင်းနော်ခမ်း

သူဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ရေး ကို အကြီး အကျယ် လုပ်ဆောင်ခဲ့လို့ မူးယစ် ရာဇာလို့ နာမည်တွင်

အသက် ၄၃ နှစ် အရွယ် စိုင်းနော်ခမ်းဟာ အရင်တုန်း က ဘိန်းဘုရင် ဦးခွန်ဆာ တပ်မှာ တာဝန် ထမ်းဆောင် ခဲ့သူ ဖြစ်ပါတယ်။

၁၉၉၆ ခုနှစ်မှာ ဦးခွန်ဆာ မြန်မာ အစိုးရထံ လက်နက် ချ ပြီးတဲ့ နောက်မှာတော့ သူဟာ တာချီလိတ် ပြည်သူ့စစ် အဖြစ် ပြန်ဖွဲ့ပြီး၊ အဖွဲ့ကို ဦးဆောင် ခဲ့တာ ဖြစ်ပါ တယ်။

အဲဒီနောက် သူဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ရေး ကို အကြီး အကျယ် လုပ်ဆောင် ခဲ့တာ ဖြစ်ပြီး၊ အဖွဲ့ အချင်းချင်း ကြား ပြဿနာ တစုံ တရာ ဖြစ်ခဲ့ရာ ကနေ ပြေးရတဲ့ အထိ ဖြစ်ခဲ့ ပါတယ်။

သူဟာ မဲခေါင်မြစ် တကြော တရုတ်ပြည် သင်္ဘောတွေ ပေါ်က တရုတ် လောင်းကစား ဝိုင်းတွေ ဆီကနေ ဆက်ကြေး ကောက်ခံ တာတွေ လုပ်ခဲ့ပြီး၊ ဆက်ကြေး မပေးရင် ဖမ်းဆီး တာတွေ လုပ်ခဲ့သူ ဖြစ်ပါတယ်။

နောက်ပြီး မဲခေါင်မြစ်မှာ သွားလာ နေတဲ့ ကုန်တင် သင်္ဘောတွေ၊ ဆက်ကြေး မပေးရင်လည်း ချောင်းပစ် တာတွေလည်း လုပ်ခဲ့သူ လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။