BBC navigation

ပြည်ပအသံတွေလည်း သမ္မတ နားထောင်မယ်

နောက်ဆုံး ရေးသားချိန် 2 မတ်လ 2013 - 16:42 GMT
thein sein sauli niinisto afp

မြန်မာသမ္မတ နဲ့ ဖင်လန် သမ္မတ

သမ္မတ ဦးသိန်းစိန်ရဲ့ ဥရောပခရီးစဉ်အတွင်း ပြည်ပရောက် မြန်မာတွေရဲ့ ကန့်ကွက် ဆန္ဒပြမှုတချို့ ရှိခဲ့ပြီး အဲဒီ အသံတွေ ကိုလည်း သမ္မတ အနေနဲ့ နားထောင်သွားဖို့ ရှိတယ်လို့ သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

‘ကျွန်တော်တို့က မိမိ နိုင်ငံထဲမှာလည်း မိမိ နိုင်ငံသားတွေရဲ့ စိုးရိမ် ပူပန်မှုတွေ ဆန္ဒတွေ နားထောင်သလို၊ ဒီနိုင်ငံတွေမှာ ရှိနေတဲ့ မြန်မာ နိုင်ငံသားတွေရဲ့ စိုးရိမ်ပူပန်မှုတွေ၊ ဆန္ဒတွေကိုလည်း ကျွန်တော်တို့ နားထောင်ပါမယ်’ လို့ ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဥရောပခရီးစဉ် ဒုတိယ တစ်ထောက် ဖြစ်တဲ့ ဖင်လန်နိုင်ငံကို သုံးရက်ကြာ ခရီးစဉ်အဖြစ် သောကြောနေ့က ရောက်လာခဲ့ပါတယ်။

စနေနေ့မှာတော့ ဟယ်ဆင်ကီးမြို့တော် လွှတ်တော် အဆောက်အအုံ ရှေ့မှာ ဖင်လန်ရောက် မြန်မာတိုင်းရင်းသား ပေါင်းစုံ ၄၀ လောက် ဆန္ဒပြခဲ့ကြပြီး တောင်းဆိုချက် ၃ ခုပါ အိပ်ဖွင့်ပေးစာကို ဖင်လန် အစိုးရထံ ပေးအပ်မယ်လို့ သိရပါတယ်။

အဲဒီထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်နိုင်အောင် ဖင်လန်အစိုးရက မြန်မာအပေါ် ဖိအားပေး ဆောင်ရွက်ရန်၊ ဖင်လန်ရဲ့ အကူအညီတွေ တကယ်လိုအပ်တဲ့ ပြည်သူတွေဆီ ရောက်တဲ့ထိ ဆောင်ရွက်ရန်၊ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိအောင် ကူညီဆောင်ရွက်ရန်တို့ ဖြစ်တယ်လို့ ဆန္ဒပြပွဲမှာ ပါတဲ့ ကိုငြိမ်းချမ်းက ဘီဘီစီကို ပြောပါတယ်။

ဆန္ဒပြသူတွေဘက်က မြန်မာ အစိုးရ ကိုယ်စားလှယ်တွေကို တွေ့ဖို့ ကြိုးစားပေမယ့် မရသေးဘူးလို့ ပြောခဲ့ပြီး၊ ဦးရဲထွဋ်ကတော့ အခွင့်သာလို့ရှိရင် နော်ဝေနိုင်ငံမှာ ပြုလုပ်သလို ဆန္ဒပြသူတွေနဲ့ တွေ့ဆုံပြီး လက်ရှိ မြန်မာနိုင်ငံက အ ခြေအနေတွေကို ရှင်းပြဖို့ ဆန္ဒရှိတယ်လို့လည်း ပြောပါတယ်။

ဖင်လန်က အကူအညီပေးမယ်

သမ္မတ ဦးသိန်းစိန်ဟာ ဖင်လန် သမ္မတ Sauli Niinisto နဲ့ သောကြာနေ့က တွေ့ဆုံရာမှာတော့ ဖင်လန်ဘက်က နောက်နှစ် ၂၀၁၄ က စပြီး ၃ နှစ်တာ ကာလအတွက် ယူရို ၆ ဒသမ ၅ သန်း ဖွံ့ဖြိုးရေး အကူအညီပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

မြန်မာဘက်က ဆွေးနွေးတဲ့ အထဲမှာတော့ ပြည်သူတွေအတွက် အကျိုးဖြစ်စေပြီး သဘာဝ ပတ်၀န်းကျင်ကို မထိခိုက်စေအောင် နိုင်ငံတကာ အတွေ့အကြုံရှိရှိ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ ဖင်လန်က ကုမ္ပဏီတွေ မြန်မာပြည်မှာ ရင်းနှီးမြှပ်နှံဖို့အတွက် ဆွေးနွေးခဲ့တယ်လို့ ဦးရဲထွဋ်က ရှင်းပြပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဖင်လန် သမ္မတဟောင်းလည်းဖြစ်၊ နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင်လည်းဖြစ်တဲ့ မစ္စတာ Martti Ahtisaari နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

သမ္မတဟာ သြစတြီးယား၊ ဘယ်လ်ဂျီယံနဲ့ အီတလီတို့ကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။