BBC navigation

မြန်မာ ပုဂ္ဂလိက သတင်းစာတွေ ထုတ်ခွင့်ရ

နောက်ဆုံး ရေးသားချိန် 4 မတ်လ 2013 - 01:35 GMT
myanmar journal

သတင်းစာ ထုတ်လုပ်ဖြန့်ချိမှု အလျဉ်မီဖို့လို

ဧပြီလ ၁ ရက် ကစပြီး ပုဂ္ဂလိက သတင်းစာ ၈ စောင် ထုတ်ဝေဖို့ မြန်မာ အစိုးရက ခွင့်ပြု လိုက်ပါတယ်။

ဒါဟာ အနှစ် ၄ဝ ကျော် အတွင်း ပထမဆုံး ပြန်ထွက် လာတဲ့ ပုဂ္ဂလိက နေ့စဉ် သတင်းစာတွေ ဖြစ်ပါတယ်။

၁၉ ရာစုနှစ်က အင်္ဂလိပ် မြန်မာ စစ်ပွဲတွေ အပြီး အောက်မြန်မာ နိုင်ငံ မြို့ကြီးတွေက သာသနာပြုနဲ့ ကုန်သည်တွေ အတွက် သတင်းစာတွေ ထုတ်ဝေခဲ့ရာကနေ မြန်မာနိုင်ငံမှာ သတင်းစာတွေ ပြန့်ပွား လာခဲ့ပါတယ်။

မြန်မာဘုရင် အတွက် ဝါဒဖြန့်ဖို့ မန္တလေးမှာ ရတနာပုံ နေပြည်တော် သတင်းစာ တောင် ရှိခဲ့ပါတယ်။

၂ဝ ရာစု ဆန်းမှာတော့ မြန်မာ လူငယ် ပညာတတ်တွေရဲ့ သတင်းစာ တွေကနေ နိုင်ငံရေး၊ လူမှုရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ နှိုးဆော် လာခဲ့ကြ ပါတယ်။

မြန်မာ သတင်းစာ ဆရာတွေ ကိုယ်တိုင် နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင် ပတ်သက်ခဲ့တာ အများအပြား ရှိသလို သတင်းစာ ဆရာတွေကို နိုင်ငံရေး လှုံ့ဆော်မှုတွေ ကြောင့် အရေးယူ နှိပ်ကွပ်ခဲ့တာတွေ ခေတ်အဆက်ဆက် အထင်အရှား ရှိခဲ့ပါတယ်။

စစ်ပြီးခေတ်မှာတော့ သတင်းစာတိုက်တွေကို ဖျက်ဆီး ရိုက်ချိုးတဲ့ အထိ အာဏာပိုင်တွေရဲ့ ရမ်းကားမှုတွေ ရှိခဲ့သလို နိုင်ငံရေး အမြင် ကွဲပြားတဲ့ သတင်းစာတွေ အပေါ် ဖိနှိပ် ပိတ်ပင်မှုတွေလဲ မပြတ် ရှိခဲ့ပါတယ်။

၁၉၆၂ စစ်အာဏာသိမ်းပြီး နောက်မှာတော့ ပုဂ္ဂလိက သတင်းစာတွေ အပေါ် ချုပ်ချယ် ကန့်သတ်တာတွေ ပိုများလာပြီး ထုတ်ဝေခွင့် ရပ်ဆိုင်းတာ၊ ပြည်သူပိုင် သိမ်းတာတွေကြောင့် ပုဂ္ဂလိက သတင်းစာတွေ မျိုးဆက် ပြတ်ခဲ့ရပါတယ်။

အခု ပြန်လည် ထုတ်ဝေခွင့်ရတဲ့ ပုဂ္ဂလိက သတင်းစာသစ်တွေ အဖို့ လွတ်လပ်စွာ ရေးသား ထုတ်ဝေခွင့် ဘယ်လောက်ထိ ရှိလာမလဲ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။