BBC navigation

ဥရောပက မြန်မာကို ပိတ်ဆို့မှု အားလုံး ရုပ်သိမ်းဖို့ သမ္မတ တောင်းဆို

နောက်ဆုံး ရေးသားချိန် 4 မတ်လ 2013 - 15:51 GMT
President U Thein Sein and Austrian Counterpart

မြန်မာ သမ္မတနဲ့ သြစကြီးယား သမ္မတတို့ ဆွေးနွေး အပြီး ပူးတွဲ သတင်းစာ ရှင်းလင်း

ဥရောပ ငါးနိုင်ငံ ခရီးစဉ် လှည့်လည် နေတဲ့ သမ္မတ ဦးသိန်းစိန်က တနင်္ဂနွေ နေ့က သြစတြီးယား နိုင်ငံ ကို ရောက်လာခဲ့ပြီး တင်္လာနေ့ ညနေပိုင်းမှာ ဘယ်လ်ဂျီယံ နိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။

သြစတြီးယား နိုင်ငံကို သမ္မတ ဦးသိန်းစိန် ရောက်တဲ့ နေ့ ညနေပိုင်းမှာပဲ ဒင်ညုမြစ် ရေအား လျှပ်စစ် စီမံကိန်းကို သွားရောက် ကြည့်ရှုခဲ့ ပါတယ်။

သြစတြီးယား ရဲ့ နည်းပညာတွေ အရ ထုတ်လုပ်တဲ့ ရေအား လျှပ်စစ် စီမံကိန်းတွေဟာ ပတ်ဝန်းကျင် ထိခိုက်မှု လူမှု စီးပွား ဘဝ ထိခိုက်မှု အနည်းဆုံး ဆိုတာတွေ တွေ့ရလို့ သမ္မတ ဦးသိန်းစိန်က စိတ်ဝင်တစား သွားရောက် ကြည့်ရှုတာ ဖြစ်တယ်လို့ ဥရောပ ခရီးစဉ်မှာ အတူ လိုက်ပါသွားတဲ့ သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောပါတယ်။

တနင်္လာနေ့မှာတော့ ဦးသိန်းစိန်က ဗီယင်နာ မြို့တော်မှာ သြစတြီးယား သမ္မတ ဟိုင့်န်ဇ် ဖစ်ရှာ Heinz Fischer နဲ့ တွေ့ဆုံ ပြီး နှစ်နိုင်ငံ အကျိုးတူ ကိစ္စတွေကို ဆွေးနွေး ခဲ့ပြီး နန်းရင်းဝန် ဝါနာ ဖေမန် Werner Faymann နဲ့လည်း တွေ့ဆုံခဲ့ ပါတယ်။

ဥရောပ အဖွဲ့ဝင် တစ်နိုင်ငံ ဖြစ်တဲ့ သြစတြီးယားကို လာရတဲ့ အကြောင်းက မြန်မာ နိုင်ငံမှာ ပြုလုပ်နေတဲ့ နိုင်ငံရေး စီးပွားရေး ပြုပြင် ပြောင်းလဲမှု တွေကို လာရောက် ရှင်းပြတာ ဖြစ်ပြီး၊ တဘက်က လုပ်ငန်းရှင်တွေ မြန်မာ နိုင်ငံမှာ လာရောက် စီးပွားရေး ရင်းနှီး မြှုပ်နှံ နိုင်မယ့် အလားအလာ၊ မြို့ပြ သယ်ယူ ပို့ဆောင်ရေး စနစ် စတာတွေကို လာရောက် လေ့လာ တာလို့ ဦးရဲထွဋ်က ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်က မြန်မာ အပေါ် ထားတဲ့ ဟန့်တား ပိတ်ဆို့မှု တွေကို ဆိုင်းငံ့ ထားပြီး ကတည်းက မြန်မာ နိုင်ငံက ပို့ကုန် လုပ်ငန်းရှင်တွေ အတွက် အထူး အခွင့် အရေး သက်သာခွင့် ပေးမယ်လို့ ပြောထားခဲ့ပေမဲ့ ကြံ့ကြာ နေတဲ့ ကိစ္စကို လည်း သမ္မတက အခု ခရီးစဉ်မှာ ဆွေးနွေးမယ်လို့ သူက ပြောပါတယ်။

ဘယ်လ်ဂျီယံကို ရောက်ရင် သမ္မတ ဦးသိန်းစိန်က ဥရောပ ကော်မရှင်နဲ့ရော ဥရောပ ကောင်စီနဲ့ပါ တွေ့ဆုံမှာ ဖြစ်ပြီး မြန်မာ ပြည်သူ တွေရဲ့ လူမှု စီးပွား ဘဝ ဖွံ့ဖြိုးမှုကို အဟန့် အတား ဖြစ်စေတဲ့ စီးပွားရေး ပိတ်ဆို့မှု တွေကို အပြီးတိုင် ပယ်ဖျက် ပေးဖို့ တောင်းဆိုမယ်လို့ သမ္မတရဲ့ ပြောခွင့်ရ သူက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။