BBC navigation

ဂလိုဘယ်ဖန်းက ကန်ဒေါ်လာ ၇၇ သန်း ပိုပေးမယ်

နောက်ဆုံး ရေးသားချိန် 6 မတ်လ 2013 - 15:56 GMT
HIV Virus

HIV ဗိုင်းရပ်စ်ရောဂါပိုးကို တွေ့မြင်ရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အဖြစ်များနေတဲ့ ရောဂါသုံးမျိုးကို တိုက်ဖျက်ဖို့အတွက် လာမယ့်ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၇၇ သန်း အပိုဆောင်းပေးမယ်လို့ ဂလိုဘယ်ဖန်းက ပြောပါတယ်။

အခုလို ရန်ပုံငွေ တိုးပေးမှာကြောင့် အိတ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ် ဝေဒနာသည်တွေ ရာခိုင်နှုန်းပြည့်နီးပါး အေအာတီဆေး ရတော့မယ်လို့ ဂလိုဘယ်ဖန်းရဲ့ မြန်မာနိုင်ငံအဆင့် လုပ်ငန်းညှိနှိုင်းရေး အရာရှိ ဒေါ်နွယ်ဇင်ဝင်းက ပြောပါတယ်။

အေအာတီဆေးဆိုတာက ဝေဒနာရှင်တွေ ရောဂါဆက်မတိုးအောင် ထိန်းထားတဲ့ သောက်ဆေး ဖြစ်ပါတယ်။

၇၇ သန်း တိုးပေးမယ်၊ လိုအပ်လာရင် ၈၅ သန်း အထိ တိုးပေးသွားမယ်လို့လည်း ဒေါ်နွယ်ဇင်ဝင်းက ပြောပါတယ်။

ဂလိုဘယ်ဖန်းဟာ ၂၀၀၆ က မြန်မာနိုင်ငံကနေ ပြန်ထွက်သွားခဲ့ပြီး၊ ၂၀၀၉၊ ၂၀၁၀ မှာ ပထမအဆင့် အကူအညီတွေ ပြန်ပေးခဲ့ပါတယ်။

၂၀၁၄ ဂလိုဘယ်ဖန်း အကူအညီသစ်တွေ မပေးခင်မှာ အခုလို ရန်ပုံငွေတွေ တိုးပေးတာလို့လည်း သိရပါတယ်။

အခုလက်ခံရရှိမယ့် ရန်ပုံငွေကို လာမယ့်ဇွန်လမှာ မြန်မာကျန်းမာရေးဝန်ကြီးက လက်မှတ်ထိုးပြီး လက်ခံယူမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ လူတသန်းကျော်ဟာ တီဘီရောဂါကို ခံစားနေရပြီး၊ နိုင်ငံ့လူဦးရေရဲ့ ရှစ်ရာခိုင်နှုန်းဟာ ငှက်ဖျားရောဂါ ကူးစက်ခံနေရပါတယ်။

အစိုးရရဲ့ တရားဝင်စာရင်းဇယားတွေအရတော့ မြန်မာနိုင်ငံမှာ လူ တသောင်းရှစ်ထောင်ဟာ အိတ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ်နဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။