BBC navigation

အစိုးရနဲ့ ကေအိုင်အို မတ် ၁၁ ဒုတိယအကြိမ် တွေ့မယ်

နောက်ဆုံး ရေးသားချိန် 6 မတ်လ 2013 - 16:16 GMT
Kachin Fighting

ကချင်ငြိမ်းချမ်းရေးအတွက် အစိုးရနဲ့ ကေအိုင်အိုကြား ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးမယ်။

အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုရဲ့ ဒုတိယအကြိမ်မြောက် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးပွဲကို လာမယ့် မတ် ၁၁ မှာ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

အစိုးရဘက်က ဝန်ကြီးဦးအောင်မင်း ဦးဆောင်တက်မှာ ဖြစ်သလို ကေအိုင်အိုဘက်ကလည်း ခေါင်းဆောင်အကုန်နီးပါး ၁၀ ဦးလောက် တက်မယ်လို့ ကေအိုင်အိုက ပြောပါတယ်။

တရုတ်နိုင်ငံ အပါအဝင် လေ့လာသူ တော်တော်များများ တက်မယ်လို့လည်း မှန်းထားသလို တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုတွေလည်း ပါဝင်လာဖွယ် ရှိပါတယ်လို့ ကေအိုင်အိုရဲ့ ပြောခွင့်ရသူ ဦးလာနန်းက ပြောပါတယ်။

နှစ်ဘက်ကြား ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေအပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ က ပထမအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပါတယ်၊ အဲဒီနောက်ပိုင်းမှာလည်း တိုက်ခိုက်မှုတချို့ ဖြစ်ခဲ့ပါသေးတယ်။

ကချင်လွတ်လပ်ရေးတပ် ကေအိုင်အေက အတိုက်ရပ်ချိန်မှာ အစိုးရဘက်က အခွင့်အရေးယူပြီး တပ်ရေးလှုပ်ရှားမှု လုပ်တယ်၊ ဒါကြောင့် ရှောင်လွှဲမရဘဲ တိုက်ခိုက်မှုတွေ ဖြစ်ရတယ်လို့ ဦးလာနန်းက သုံးသပ်ပါတယ်။

အခုလို ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကနေ အရှိန်ရလာရင်တော့ ကြားဝင်စေ့စပ်ပေးမယ့်သူတွေ၊ နိုင်ငံကိုယ်စားပြုသူတွေက ငြိမ်းချမ်းရေးအတွက် ပါဝင် ဆောင်ရွက်ပေးနိုင်ဖို့ ကိစ္စတွေလည်း ဆက်ပြီး ဆွေးနွေးဖို့ ရှိတယ်လို့ သူက ပြောပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။