BBC navigation

NLD အပေါ် လူငယ်တွေရဲ့ အမြင်

နောက်ဆုံး ရေးသားချိန် 7 မတ်လ 2013 - 22:18 GMT
nld

NLD ဟာ ဆင်းရဲသား တွေကို ကူသင့်တယ်

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပတော့မှာ ဖြစ်ပါတယ်။

NLD ဟာ အတိုက်အခံပါတီတခုအနေနဲ့ ဘာတွေ ဆောင်ရွက်နေလဲ ၊ NLD ကို ပြည်သူတွေအတွက် ဘာတွေလုပ်ပေးစေချင်သလဲ ဆိုတာ လူငယ်တွေရဲ့ အမြင်ကို မေးကြည့်တော့ ယေဘုယျ အားဖြင့် NLD ကိုထောက်ခံ အားပေးတယ်၊ NLD ဟာ ပြည်သူတွေအတွက် အလုပ်လုပ်ပေးနေတယ် ဆိုတဲ့အမြင်မျိုး များပါတယ်။

ဒါပေမယ့် အားမလိုအားမရ ဖြစ်ကြတဲ့ အသံတွေလဲ ကြားရပါတယ်။ ဖွံ့ဖြိုးရေးဘာသာရပ် ကိုလေ့လာနေတဲ့အသက် ၁၈ နှစ်အရွယ် ကျောင်းသူ တယောက်က NLD ရဲ့အောက်ခြေ ပါတီဝင် တွေကို အရည်အချင်း ပိုရှိစေချင်တယ် လို့ ပြောပါတယ်။

အသက် ၂၂ နှစ်အရွယ် ရေကြောင်းအင်ဂျင်နီယာကျောင်းသား တဦးကတော့ NLD အနေနဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေးကို ပိုပြီး လုပ်သင့်တယ် လို့ပြောပါတယ်။

NLD ဟာ ပြည်သူတွေကြား ဒီထက် ပိုရောက်အောင် ဆောင်ရွက် သင့်တယ် ဆိုတဲ့သူ ရှိသလို ခရိုနီလို့ခေါ်ကြတဲ့ အခွင့်ထူးခံပြီး ချမ်းသာလာသူတွေလို့ စွပ်စွဲခံရသူတွေ ကိုပါ ဆွဲဆောင် စည်းရုံး တာကြောင့် အောင်မြင်မှု ရလိမ့်မယ်လို့ ယူဆသူ တွေလဲ ရှိပါတယ်။

နိုင်ငံရေး စိတ်ဝင်စားကြတဲ့ တက္ကသိုလ် ကျောင်းသားတွေက NLD ပါတီနဲ့ ပတ်သက်လို့ အမြင်အမျိုးမျိုး ပြောနိုင်ကြပေမယ့် ပညာမတတ်ကြတဲ့ လက်လုပ် လက်စား လူငယ်တွေကြားမှာ တော့ NLD ဘာတွေလုပ်နေသလဲ၊ သူတို့အတွက် ဘာတွေလုပ်ပေးနိုင်သလဲ ဆိုတာ သေချာ မသိကြတဲ့ လူငယ်တွေ အများကြီး ရှိပါတယ်။

အသက် ၃၀ အရွယ် ဆောက်လုပ်ရေး အလုပ်သမ အမျိုးသမီး တဦးက NLD ဟာ ဆင်းရဲသား တွေကို ကူညီ သင့်တယ်လို့ပြောပါတယ်။ ကုန်စိမ်းရောင်းတဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသား ကတော့ သူဘာမှ မသိဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ရှိလာပြီဆိုပေမယ့် အများပြည်သူရဲ့ လက်တွေ့ ဘဝတွေ ကတော့ သိပ် ထူးခြားတိုးတက် မလာသေးပါဘူး။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာဖို့ ကျင်းပတော့မယ့် NLD ညီလာခံက ထွက်ပေါ်လာမယ့် ရလဒ်တွေလိုပဲ လူငယ်တွေရဲ့နားလည် ထောက်ခံမှု ရဖို့ကလဲ အရေးကြီးပါလိမ့်မယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။