BBC navigation

ကုလ လူ့အခွင့်အရေး အစီရင်ခံစာ အစိုးရ ပယ်ချ

နောက်ဆုံး ရေးသားချိန် 7 မတ်လ 2013 - 17:28 GMT
Quintana

မစ္စတာ သောမတ် အိုဟေး ကင်တားနား

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိ နေတယ်ဆိုတဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကင်တားနားရဲ့ အစီရင်ခံစာ ထဲက အချက်တွေကို မြန်မာ အစိုးရက ပယ်ချ လိုက်ပါတယ်။

မတ်လ ၆ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ အစီရင်ခံစာကို မြန်မာ အစိုးရက နေ့ချင်းပဲ တချက်ချင်းစီ တုံ့ပြန်ခဲ့ပါတယ်။

အဲဒီထဲမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေးကြောင့် ဖမ်းဆီးထားသူများ မရှိပဲ ဥပဒေ ချိုးဖောက်သူတွေကိုသာ အရေးယူကြောင်း အစိုးရက တုံ့ပြန် ပြောပါတယ်။

မစ္စတာ ကင်တားနားဟာ ကချင်ပြည်နယ်တွင်းမှာ အစိုးရဘက်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုပဲ ပြောပြီး KIA ကချင် အဖွဲ့ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ချန်လှပ်ထားကြောင်း၊ ရခိုင် ပြည်နယ်တွင်းမှာ သွားလာခွင့်တွေ ကန့်သတ့်တာ၊ ဖမ်းဆီး နှောက်ယှက်တာတွေလည်း မရှိတဲ့အပြင် လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားကြောင်း အစိုးရ တုံ့ပြန်မှုထဲမှာ ဖော်ပြ ထားပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့၊ အာရှဆိုင်ရာ အကြီးတန်း သုတေသီ မစ္စတာ ဒေးဗစ် မက်သီယာဆင်ကတော့ အစိုးရရဲ့ ဒီလို သိမ်းကြုံးပြီး ငြင်းချက် ထုတ်တဲ့အပေါ် စိတ်ပျက်မိကြောင်း ပြောပါတယ်။

အစိုးရဘက်က လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် အရင်တုံးက နည်းလမ်းအတိုင်း ဆက်ဆောင်ရွက်နေတဲ့ သဘော တွေ့ရတယ်လို့ မစ္စတာ မက်သီယာဆင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း နိုင်ငံရေးအကျဉ်းသား၊ ကလေးစစ်သား နဲ့ အဓမ္မလုပ်အားပေး ပပျောက်ရေးတွေမှာ နိုင်ငံတကာနဲ့ ပူးတွဲလုပ်ဆောင်လာပြီး တိုးတက်မှုတချို့ ရှိလာပေမယ့် အခုလို အစိုးရဘက်က ငြင်းဆိုမှုတွေကတော့ အတော်လေး အံ့အားသင့် စိတ်ပျက်ကောင်းတယ်လို့ ပြောပါတယ်။

ကချင်နဲ့ ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ထင်ထင်ရှားရှား ရှိနေတဲ့ အကြောင်းလည်း သူက ထောက်ပြပါတယ်။

ဒါပေမယ့် ကုလသမဂ္ဂ အစီရင်ခံစာမှာ ကချင်ပြည်နယ်တွင်း KIA ဘက်ကလည်း လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲမှုတွေကို ချန်လှန်ထားတယ်ဆိုတဲ့ အစိုးရရဲ့ ပြောဆိုမှုကိုတော့ သဘောတူနိုင်ပြီး အစိုးရ သုံးနှုန်းတဲ့ အသုံးအနှုန်းတွေကိုတော့ မဘော မတူနိုင်သေးကြောင်းလည်း ပြောပါတယ်။

ကုလသမဂဂ္ဂအနေနဲ့ မြန်မာနိုင်ငံကို စောင့်ကြည့်လေ့လာ သတင်းပို့ဖို့ လိုတဲ့ နိုင်ငံ အဖြစ် ဆက်ထား ရှိသင့်ကြောင်း ၊ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်လည်း ဆက် ထားရှိရုံတင်မက မြန်မာနိုင်ငံမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ရုံးဖွင်ပြီး ဆောင်ရွက် သင့်ကြောင်းလည်း မစ္စတာ မစ်သီယာဆင်က အကြံပြု ပြောဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။