BBC navigation

ရခိုင်မှာ ခွင့်ပြုချက်မရဘဲ ဆန္ဒပြသူတွေကို တရားစွဲမယ်လို့ဆို

နောက်ဆုံး ရေးသားချိန် 9 မတ်လ 2013 - 00:55 GMT

အရေးအခင်းကြောင့် အိုးအိမ်မဲ့ရတဲ့ ရခိုင် ဒုက္ခသည်တွေ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အတွင်းမှာ ခွင့်ပြုချက် မရဘဲ ဆန္ဒပြမှုနဲ့ ဆန္ဒပြ ခေါင်းဆောင်တွေကို ရဲက တရားစွဲသွားမယ်လို့ သိရပါတယ်။

မွတ်ဆလင် ဒုက္ခသည်တွေကို လုံးချင်း အိမ်ယာတွေ ဆောက်လုပ်ပေးမယ့် အစီအစဉ် အပေါ် ဆန့်ကျင် ကန့်ကွက်တဲ့ အနေနဲ့ အခုလ ရရက်နေ့က ခွင့်ပြုချက် မရဘဲ ဆန္ဒပြခဲ့ကြတဲ့ စစ်တွေနဲ့ ကျောက်တော် မြို့က ဆန္ဒပြမှု ဦးဆောင်သူတွေကို သက်ဆိုင်ရာ ရဲ တပ်ဖွဲ့ဝင်တွေက စခန်းကို ခေါ်ဆောင်သွားခဲ့ပြီး နောက်ပိုင်းမှာ ခံဝန်ချက်နဲ့ ပြန်လွှတ်ပေးခဲ့ ပေမယ့် တရားစွဲဆိုမယ်လို့ သိရပါတယ်။

စစ်တွေမြို့မှာတော့ ကိုကျော်ဇောဦးနဲ့ ဒေါ်မညိုအေးတို့ နှစ်ယောက်ကို တရားစွဲဆို သွားမယ်လို့ ဆိုပါတယ်။

အလားတူ ကျောက်တော် မြို့မှာလည်း ဆန္ဒပြပွဲကို ဦးဆောင်သူတွေထဲက ဦးမောင်သိန်းနိုင် ၊ ဦးမောင်ဝင်းနဲ့ အမျိုးသမီး နှစ်ယောက် ဖြစ်ကြတဲ့ ဒေါ်လှမေနဲ့ ဒေါ် တင်တင်အေး တို့လေးယောက်ကို ရဲစခန်းကို ခေါ်ယူပြီး တရားစွဲဆို သွားမယ်လို့ သိရပါတယ်။

သူတို့ လေးယောက်ကို ရဲစခန်းကို ခေါ်သွားခဲ့ပေမယ့် မြို့လူထုက ဝိုင်းဝန်း တောင်းဆိုတဲ့ အတွက် ရဲစခန်းက လက်မှတ်ထိုးခိုင်းပြီး နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဦးမောင်ဝင်းက ဘီဘီစီကို ပြောပြခဲ့ပါတယ်။

ဘယ်နေ့မှာ တရားစွဲမလဲ ဆိုတာ မသိရသေးဘဲ ရခိုင်ပြည်နယ်အတွင်း သက်ဆိုင်ရာ ခွင့်ပြုချက် မရဘဲ ဆန္ဒပြလို့ တရားစွဲမယ် ဆိုတာ ဒါဟာ ပထမဆုံး အကြိမ် ဖြစ်တယ်လို့ ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။