BBC navigation

အိန္ဒိယ မြန်မာနယ်စပ်မှာ လက်နက်များဖမ်းမိ

နောက်ဆုံး ရေးသားချိန် 10 မတ်လ 2013 - 15:52 GMT
AK47လက်နက်များ

AK47လက်နက်များ

စက်သေနတ် တစ်လက် အပါအဝင်အေကေ ၄၇ မောင်းပြန် ရိုင်ဖယ် သေနတ် ၃၃ လက်နဲ့ ခဲယမ်းမီးကျောက်တွေကို မြန်မာနယ်စပ် အနီးမှာ တည်ရှိတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ် အိုင်ဇောမြို့ လေဆိပ် အနီးက တဲတစ်လုံးထဲမှာ လွန်ခဲ့တဲ့ ကြာသပတေးနေ့နဲ့ သောကြာနေ့တွေက ရှာဖွေ ဖမ်းဆီးမိခဲ့ ပါတယ်။

အဲဒီ သေနတ်တွေနဲ့ အတူ ဆက်စပ်သူလို့ ယူဆရသူ ဘင်္ဂလားဒက်ရှ် နိုင်ငံသား (၃) ဦးကိုလည်း အိန္ဒိယ ရဲက ဖမ်းဆီးခဲ့ပါတယ်။ အဲဒီ သူ သုံးဦးထဲမှာ တစ်ဦးက တြိပူရ လူမျိုး ဖြစ်ပြီးကျန် နှစ်ဦးကတော့ သက် အမျိုးသားတွေ ဖြစ်ကြပါတယ်။ ဒီသေနတ်တွေဟာ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အိန္ဒိယ နယ်မြေတွေက တဆင့် သယ်ယူလာတဲ့ လက်နက်တွေ ဖြစ်တယ်လို့ အိန္ဒိယ ရဲအရာရှိတွေကို ကိုးကားပြီး သတင်းတွေမှာ ဖေါ်ပြပါတယ်။ အဲဒီ သေနတ်တွေဟာ စစ်တကောင်း တောင်တန်းနယ်က လူနည်းစု လက်နက်ကိုင် တပ်ဖွဲ့တွေ အတွက် တင်သွင်းလာတဲ့ လက်နက်တွေ ဖြစ်တယ်ဆိုပြီး အိန္ဒိယရဲက ပြောဆိုပါတယ်။

ခုလို အိန္ဒိယ- မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်တွေမှာ ခိုအောင်း လုပ်ရှားနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အများအပြား ရှိနေတဲ့ အတွက် ဒီနယ်စပ်တလျှောက်မှာ ကျယ်ပြန့်တဲ့ လက်နက် မှောင်ခို ဈေးကွက်လည်း ရှိနေတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀ဝ၄ ခုနှစ်ကလည်း ဘင်္ဂလားဒက်ရှ်နိုင်ငံ စစ်တကောင်းဆိပ်ကမ်းမှာ အိန္ဒိယ အရှေ့မြောက်ပြည်နယ်က လက်နက်ကိုင် အဖွဲ့အစည်းတွေ အတွက်လို့ ယူဆရတဲ့ လက်နက်တွေကို ထရပ်ကား ၁၀ စီး အပြည့် ဖမ်းဆီးမိခဲ့ပါတယ်။ အဲဒီ သေနတ်တွေကို ရေလမ်း ကတဆင့် ယူဆောင်လာတာ ဖြစ်ပြီး စစ်တကောင်း ဆိပ်ကမ်းကနေ ထရပ်ကားတွေပေါ် အတင်မှာ သတင်းပေါက်ပြီး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီလောက်များပြားတဲ့ လက်နက်တွေ ဝင်ရောက်လာတာနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက သက်ဆိုင်ရာ အစိုးရ အရာရှိကြီးတွေ ပါဝင် ပတ်သက်မူတွေ ရှိတယ်ဆိုပြီးလည်း စွပ်စွဲ ဝေဖန်မူတွေ ရှိခဲ့သလို အစိုးရ ထိပ်ပိုင်း ပြည်ထဲရေး ဝန်ကြီးဟောင်း တစ်ဦး အပါအဝင် ထောက်လှမ်းရေး အဖွဲ့က တာဝန် ရှိသူ တချို့ကိုလည်း ယခု အချိန် ထိ ဖမ်းဆီးထားပြီး စစ်ဆေး မေးမြန်းမူတွေ လုပ်နေတုန်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။