BBC navigation

လက်ပံတောင်း အစီရင်ခံစာအပေါ် တုံ့ပြန်ချက်များ

နောက်ဆုံး ရေးသားချိန် 12 မတ်လ 2013 - 15:42 GMT
Injured monks in Letpadaung protest

ဆန္ဒပြ သံဃာ ၉၉ ပါး ဒဏ်ရာ ရခဲ့ကြောင်း အစီရင် ခံစာမှာ ဖော်ပြ

ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနဲ့ ပတ်သက်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင် အစီရင် ခံစာမှာ ကြေးနီ စီမံကိန်း ကိုပြန်လည် သုံးသပ်ပြီးမှ ဆက်လုပ်ဖို့ အကြံပြုထားပါတယ်။

ဒါ့အပြင် ဦးပိုင် လီမိတက်နဲ့ ဝမ်ပေါင် ကုမ္ပဏီတို့ကြား စာချုပ်ကို ပြင်ဆင် ချုပ်ဆိုဖို့နဲ့ ဒေသခံ တွေရဲ့လိုအပ်ချက် တွေကို ဖြည့်ဆည်း ပေးဖို့ လည်း ပါဝင် ပါတယ်။

မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် ဘက်ကတော့ ဒီအစီရင်ခံစာဟာ အားနည်းချက် အားသာချက်တွေ အားလုံးကို ရေးထားပြီး ပြင်ဆင်သင့်တာတွေကို အသေးစိတ် အကြံပြု ထားတဲ့ အတွက် မျှတ တယ်လို့ ပြောပါတယ်။

ဦးပိုင် ကုမ္ပဏီရဲ့ လက်ပံတောင်း စီမံကိန်း တာဝန်ခံ ဦးမြင့်အောင်က ကော်မရှင်ရဲ့ အစီရင်ခံစာ အတိုင်း လိုက်နာမယ်လို့ လည်း ပြောပါတယ်။

ကြေးနီ စီမံကိန်း စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင် ခံစာမှာ ပါတဲ့ တွေ့ရှိချက် သုံးသပ်ချက် အကြံပြုချက် တွေနဲ့ ပတ်သက်လို့ လက်ပံတောင်း ဒေသခံ တွေ အနေနဲ့ကတော့ လက်မခံနိုင်ဘူးလို့ ဆားလင်းကြီး မြို့နယ်၊ ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်းက ပြောပါတယ်။

အခု အစီရင် ခံစာမှာ အာဏာပိုင်တွေ ဘက်က မီးစုန်း ဓာတ်ပါတဲ့ မီးခိုးဗုံးတွေကို အသုံးပြုခဲ့ တယ် လို့ တွေ့ရှိတာကို ဖော်ပြထား ပါတယ်။

ဒီလက်နက် တွေကို ပစ်ခတ် အသုံးပြုဖို့ အမိန့် ပေးသူကို ထုတ်ဖော် ပြောထားခြင်း မရှိတဲ့ အတွက် မကျေနပ်ဘူးလို့ မသွဲ့သွဲ့ဝင်းက ပြောပါတယ်။

ဒေသခံတွေက သူတို့ နေထိုင်နေတဲ့ ရွာတွေကနေ ရွှေ့ပြောင်း မပေးချင်တဲ့ အပြင် လယ်ယာမြေ တွေကို အဆုံးရှုံး မခံလိုဘူး၊ ဒါကြောင့် ကြေးနီစီမံကိန်း ရပ်တန့်ရေးကိုပဲ လိုချင်တယ်လို့ သူက ပြောပါတယ်။

အစီရင်ခံစာ ထွက်တဲ့နေ့ မှာပဲ ဒေသခံ အများ စုပေါင်း စည်းဝေးပြီး အမြင်ချင်း ဖလှယ် ခဲ့ကြရာမှာ လက်ပံတောင်း ဒေသမှာ ပုဒ်မ ၁၄၄ ဆက်လက် ထုတ်ပြန် ထားပြီး စီမံကိန်း ဆက်လက် လုပ်သင့်တယ် ဆိုတဲ့ အကြံ ပြုချက်ကို လက်မခံ နိုင်ဘူးလို့ ဆုံးဖြတ် ခဲ့ကြကြောင်း လက်ပံတောင်း စီမံကိန်း ရပ်တန့်ရေး လှုပ်ရှားမှုမှာ ကူညီ ဆောင်ရွက်ပေး နေတဲ့ နိုင်ငံရေး အကျဉ်းသားများ ကွန်ယက်က ကိုဟန်ဝင်းအောင်က ပြောပါတယ်။

ဒါ့အပြင် လူ ၁၅ ယောက် ပါဝင်တဲ့ လုပ်ငန်း အကောင် အထည် ဖော်ဆောင်ရေး ကော်မီတီ မှာ ပါဝင် ကြသူ တွေဟာ ပြည်သူ တွေကို ကိုယ်စားပြု သူတွေ၊ ပြည်သူ့ အကျိုး ဆောင်ရွက် နေတဲ့ ကြားခံ ပုဂ္ဂိုလ်တွေ မပါတဲ့ အတွက် အဲဒီ အဖွဲ့ရဲ့ လှုပ်ရှား ဆောင်ရွက်မှု တွေကိုလည်း ဒေသခံတွေက လက်မခံဘူးလို့ ကိုဟန်ဝင်းအောင်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။