BBC navigation

လက်ပံတောင်း အစီရင်ခံစာက ပဋိပက္ခကို ပြေလည်စေနိုင်မလား

နောက်ဆုံး ရေးသားချိန် 12 မတ်လ 2013 - 14:09 GMT
Let Pa Daung

လက်ပံတောင်း ဆန္ဒပြရွာသူများ

အစီရင်ခံစာရဲ့ အဓိက အကျဆုံးအချက် လူအများစိတ်ဝင်စားကြဆုံးအချက်က ဒီစီမံကိန်းကို ဆက်ပြီးလုပ်သင့် မလုပ်သင့်ဆိုတဲ့ အချက်နဲ့ အဓိကရုဏ်း ဖြိုခွဲရာမှာ သုံးတဲ့ဗုံးဟာ ဘယ်လိုဗုံးလဲ ဆိုတဲ့ အချက်ဖြစ်ပါတယ်။

စီမံကိန်း ဆက်သင့် မဆက်သင့် နဲ့ ပတ်သက်ပြီး ဒီအစီရင်ခံစာရဲ့ အကြံပြုချက်က စီမံကိန်း ဆက်ပြီး ပြုလုပ်ရေး ဖြစ်ပါတယ်။ ဗုံးအမျိုးအစားနဲ့ ပတ်သက်တဲ့ ဖော်ပြချက်ကတော့ မီးခိုးဗုံးလို့ သုံးနှုန်းထားပေမဲ့ ဖော့စဖရပ် ပါဝင်တဲ့ဗုံးဖြစ်တယ်လို့တော့ အတိအကျ ဖော်ပြထားပါတယ်။

စီမံကိန်း ဆက်သင့် မဆက်သင့် အပိုင်းနဲ့ ပတ်သက်တဲ့ ရေးသားချက်တွေထဲမှာ ဒီစီမံကိန်းဟာ လုံလောက်တဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းမှု အစီအစဉ်မရှိဘူးဆိုတဲ့ အချက်ကို ဖော်ပြထားပါတယ်။

သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေး စီးပွားရေး ပေါ်မှာ ထိခိုက်နိုင်တဲ့ အခြေအနေတွေကိုလည်း လုံလောက်တဲ့ အကဲဖြတ်ချက် မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

ဒီစီမံကိန်းကနေ နိုင်ငံတော်ရရှိတဲ့ ခံစားခွင့်ဟာလည်း ခိုင်ကြေးနဲ့ ဝင်ငွေခွန် ၈ ဒသမ ၈ ရာနှုန်းမျှသာ ဖြစ်တဲ့အတွက် နည်းပါးကြောင်းကိုလည်း ထောက်ပြထားပါတယ်။

ဒီလိုအားနည်းချက်တွေချို့ယွင်းချက်တွေကို ထောက်ပြထားပေမဲ့ စီမံကိန်းနဲ့ ပတ်သက်ပြီး မရပ်စဲသင့်ဘူး။ ဆက်လုပ်သင့်တယ်လို့သာ အကြံပြုထားပါတယ်။

ဘာကြောင့် ဆက်လုပ်သင့်သလဲဆိုတော့ ချုပ်ဆိုထားတဲ့ စာချုပ်ကို မလေးစားဘူးလို့ အထင်မခံရစေဖို့နဲ့ နှစ်နိုင်ငံ ဆက်ဆံရေး မပြေမလည် မဖြစ်စေဖို့လို့ ဆိုပါတယ်။

ဆန္ဒပြရာမှာ အသုံးပြုတဲ့ဗုံးနဲ့ပတ်သက်ပြီး အစိုးရနဲ့ လက်ပံတောင်း လူထုကြားမှာ မီးခိုးဗုံး မီးလောင်ဗုံးအသုံးအနှုန်း အငြင်းပွားမှုဟာ တော်တော်ကြီးကြီးမားမား ပေါ်ပေါက်ခဲ့ပါတယ်။

ဒီအစီရင်ခံစာက အစိုးရသုံးသလို မီးခိုးဗုံးလို့သာ သုံးပါတယ်။ ဒါပေမဲ့ လက်ပံတောင်း လူထုက စွပ်စွဲသလို ဖော့စဖရပ် ပါဝင်ကြောင်းကိုတော့ အတိအလင်း ဖော်ပြထားတာလည်း တွေ့ရပါတယ်။

ဖော့စဖရပ် ခေါ် မီးစုံး ပါတဲ့ ဗုံးဟာ ကုလသမဂ္ဂရဲ့ ဂျနီဗာ သဘောတူညီချက်အရ တားမြစ်ထားတဲ့ဗုံး တရားမဝင်တဲ့ လက်နက် ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ် ဇန်နဝါရီ မှာ အစ္စရေးက ဂါဇာမှာ စစ်ဆင်ရာမှာ ဖော့စဖရပ်ပါတဲ့ ဗုံးကို အသုံးပြုတဲ့ အတွက် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး ပြစ်တင်ဝေဖန်ခံခဲ့ရဖူးပါတယ်။

အခုဒီဗုံးဟာ အဲသလို စစ်ရေးမှာတောင် မသုံးရတဲ့ နိုင်ငံတကာ ဥပဒေကိုချိုးဖောက်ထားတဲ့ တရားမဝင် လက်နက် ဟုတ်မဟုတ်ဆိုတဲ့ အချက်ကိုတော့ အစီရင်ခံစာမှာ တိတိကျကျ ဖော်ပြထားတာမျိုးမရှိပါဘူး။

ဒီဗုံးတွေကို အသုံးပြုတဲ့အတွက် အရေးယူပေးဖို့ ဆိုတဲ့အချက်မျိုးလည်း တိုက်တွန်း ဖော်ပြတာမျိုးမရှိပါဘူး။

အဓိကရုဏ်းတွေနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ရာမှာ ဆန္ဒပြသူတွေဖက်က ဥပဒေချိုးဖောက်မှုရှိမရှိ၊ အကြမ်းဖက်မှု ရှိမရှိ၊ လုံခြုံရေးအဖွဲ့က အင်အားအလွန်အကျွံသုံးမသုံး ဥပဒေနဲ့ အညီ ဆောင်ရွက်မှုရှိမရှိ စုံစမ်းဖော်ပြလေ့ရှိပါတယ်။

ဒီအစီရင်ခံစာမှာ ဆန္ဒပြသူတွေက ဥပဒေချိုးဖောက်မှုရှိတယ်လို့ ဖော်ပြပါတယ်။ ဆူပူဆန္ဒပြတယ်လို့လည်း သုံးပါတယ်။

လုံခြုံရေး အဖွဲ့က အင်အား အလွန်အကျွံသုံးမသုံး ၊ ဥပဒေနဲ့ အညီဆောင်ရွက်မှု ရှိမရှိ စတဲ့ အချက်တွေကို အတိအကျ ပြောပြထားတာမရှိပါဘူး။

ရဲအဖွဲ့အနေနဲ့ နိုင်ငံတကာ စံနှုန်းနဲ့ အညီ ပြောင်းလဲ ပြုပြင် ဆောင်ရွက်သင့်ကြောင်း အဓိကရုဏ်းဖြိုခွဲမှုနဲ့ ပတ်သက်ပြီး လေ့ကျင့် သင်တန်းပေးမှုတွေလုပ်သင့်ကြောင်း အကြံပြုထားတာကိုသာ တွေ့ရပါတယ်။

ဒီတော့ ဒီအစီရင်ခံစာဟာ အငြင်းပွားမှုတွေကို အဆုံးသတ်စေမယ့် အစီရင်ခံစာဖြစ်လာပါ့မလား ဆိုတာ မသေချာလှဘူးလို့သာ ဆိုရပါလိမ့်မယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။