BBC navigation

ရခိုင်မှာ အတူတွဲနေထိုင်ရေး သံတမန်တွေ လိုလား

နောက်ဆုံး ရေးသားချိန် 13 မတ်လ 2013 - 01:41 GMT

အရေးအခင်းကြောင့် အိုးအိမ်မဲ့ခဲ့ရတဲ့ ရခိုင် ဒုက္ခသည်တွေ

အမေရိကန် သံအမတ် ဒဲရစ်မစ်ချယ် အပါအ၀င် ဗြိတိန် သြစတြေးလျက သံအဖွဲ့တွေ ပါ၀င်တဲ့ အနောက်တိုင်း သံတမန်တွေဟာ လွန်ခဲ့တဲ့ တစ်နေ့ကဘဲ စစ်တွေမြို့ကို ရောက်ရှိလာပြီး ဒေသအတွင်းက နိုင်ငံရေး ပါတီတွေ၊ လူမူ အဖွဲ့အစည်းတွေ ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ် အရေးကိစ္စတွေကို တွေ့ဆုံ ဆွေးနွေးသွားခဲ့ပါတယ်။

ဒီသံတမန် အဖွဲ့ဟာ စစ်တွေမြို့မှာ ရခိုင်တွေဘက်က နိုင်ငံရေး လူမူရေး ဘာသာရေးကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်တွေနဲ့ရော မွတ်ဆလင်တွေဘက်က ခေါင်းဆောင်တွေနဲ့ပါ သူတို့ရဲ့ ခရီးစဉ်အတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံ ဆွေးနွေးသွားခဲ့ပါတယ်။

အဲသလို ဆွေးနွေးတဲ့ အထဲမှာ ရခိုင်နဲ့ မွတ်ဆလင်တွေ အကြားမှာ အတူ ယှဉ်တွဲနေထိုင်ရေး၊ မိုးရာသီ နီးလာပြီ ဖြစ်တဲ့ အတွက် ဒုက္ခသည်တွေကို ပြန်လည် နေရာချထားရေးနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ အချက် ၃ ချက် အပေါ်မှာ အဓိကထား ဆွေးနွေးတာ ဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီနဲ့ ဆွေးနွေးသွားတဲ့ အကြောင်းအရာတွေကို တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော် အပြောအရ အဓိက အားဖြင့် အနောက်တိုင်း သံတမန်တွေက လူမျိုး အုပ်စု နှစ်ခုအကြားမှာ အတူ ယှဉ်တွဲ နေထိုင်ရေး ဖြစ်နိုင်မလားဆိုတဲ့ မေးခွန်းကို အဓိကထား မေးမြန်းတယ်လို့ ဆိုပါတယ်။

အတူယှဉ်တွဲ မနေနိုင်တာကြောင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်မယ့်နေရာမှာ အခက်အခဲတွေ ဖြစ်နေရတယ် လို့လည်း သံတမန်တွေက ပြောတဲ့အခါ ရခိုင်တိုင်းရင်းသား ပါတီ ကတော့ သူတို့ပါတီရဲ့ သဘောထားကို ပြတ်ပြတ်သားသားဘဲ တုန့်ပြန် ပြောဆိုခဲ့တယ်လို့ ဦးအောင်မြကျော်က ဆိုပါတယ်။

လွန်ခဲ့တဲ့ စနေ နဲ့ တနင်္ဂနွေနေ့တွေကလည်း စစ်တွေကို ရောက်ရှိလာတဲ့ ဒိန်းမတ် ပါလီမန် ဥက္ကဌ ဦးဆောင်တဲ့ အဖွဲ့က ရခိုင် မြို့မိ မြို့ဖတွေကို လူမျိုး နှစ်မျိုး အကြားမှာ အတူ ယှဉ်တွဲ နေထိုင်ရေး အတွက် တိုက်တွန်း သွားခဲ့တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေက အတူယှဉ်တွဲနေထိုင်ခြင်း ဟာ ရခိုင် ပဋိပက္ခကို တစ်စုံတစ်ရာ အတိုင်းအတာထိ ပြေလည်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပေမယ့် ရခိုင်ဒေသခံတွေနဲ့ အစိုးရဘက်ကတော့ အတူ ယှဉ်တွဲ နေထိုင်ခြင်းဖြင့် ပြဿနာတွေ ဆက်လက် ဖြစ်ပေါ်နိုင်တယ်လို့ ယုံကြည်နေကြတဲ့ အတွက် ရခိုင် အရေး ဖြေရှင်းရေးကတော့ လွယ်မယောင်နဲ့ ခက်ခဲနေတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။