BBC navigation

မြင်းခြံခရိုင်ငါန်းစွန်မြို့နယ်လယ်မြေသိမ်း

နောက်ဆုံး ရေးသားချိန် 14 မတ်လ 2013 - 01:16 GMT
farm_land

မြင်းခြံခရိုင်ဘက် ယာမြေအသိမ်းခံရ

အစိုးရသစ် လက်ထက်မှာ ပထမဆုံးအနေနဲ့ မန္တလေးတိုင်း မြင်းခြံခရိုင်၊ ငါန်းစွန် မြို့နယ် ဘက် ရှိ ကျေးရွာ၁၃ ရွာ က ယာမြေဧက တသောင်းကျော် ကို စက်မှုမြို့တော် တည်ဖို့ ဆိုပြီး မန္တလေးတိုင်း အစိုးရ က လျော်ကြေး နည်းနည်းနဲ့ သိမ်းလို့ ရွာသားတွေ နဲ့ စီမံကိန်း အကောင်ဖေါ်သူ တွေ အကြား အချင်းများ နေကြပါတယ်။

တည်ပင်၊ သံဘို၊ ရွာသာ စတဲ့ ကျေးရွာ ၁၃ ရွာက ယာမြေဧက ၁၁၂၄၈ ဧက ကို မြို့သာ စက်မှုဥယျာဉ် မြို့တော် တည်ဖို့ သိမ်းယူရာမှာ မြေစာရင်း ဦးစီးဌာန မှာ မြဲဦးပိုင် လို့ ခေါ်တဲ့ မြေဧက တွေ အတွက် တဧက ကို ကျပ်သိန်း ၂ဝ နှုန်း လျော်ကြေး ပေး ပေမယ့်၊ အမည် မပေါက်သေးတဲ့ မြေဧက အတွက် ကျပ်ငွေ ၂ သိန်း ပဲ ပေးလို့ ဒေသခံတွေ က မကျေမနပ် ဖြစ်ပြီး စီမံကိန်းရပ်တန့် ဖို့ တားမြစ်ကြပါတယ်။

တည်ပင် ရွာဦး ကျောင်းဆရာတော် က ယာမြေအားလုံးကို စျေးတူ ပေးသင့်တဲ့ အကြောင်း၊ ဒေသခံတွေ အနေနဲ့ ယာမြေ အသစ်မှာ စတင် လုပ်ငန်းပြုဖို့ အတွက် ငွေကြေးလိုအပ်ကြောင်း ဘီဘီစီ ကို မိန့်ပါတယ်။

ရွာသားတွေ ဘက်က စီမံကိန်း ကို တားမြစ်ကြရာမှာ ကုမ္ပဏီ တာဝန်ရှိသူ တွေ ဘက်က ဆိုင်ရာ တာဝန်ခံတွေ ရဲ့ တားမြစ်မိန့် ပါမှသာ လုပ်ငန်းရပ်ပေးန်ုင်ကြောင်း ဆိုပါတယ်။ အခုဆိုရင် မြေညှိတာတွေ၊ အဆောက်အဦးဆောက် တာတွေ၊ ရေတွင်းတူးတာတွေ ရှိနေကြောင်း သိရပါတယ်။

အခုလို အချင်းများနေတာနဲ့ ပတ်သက်ပြီး ငါန်းစွန် မြို့၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ အမျိုးသား လွှတ်တော် အမတ် က တိုင်းဒေသကြီးအစိုးရ နဲ့ ဒေသခံတွေ အကြား ညှိပေးနေပါတယ်။ ညှိနှိုင်းမှု အခြေအနေ ဟာ တိုင်းဒေသကြီး ရဲ့ ဘတ်ဂျက် ပေါ်မှာ မူတည်ကြောင်း၊ လတ်တလော လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ ဟာ မြေလွတ် မြေရိုင်းနဲ့ လျော်ကြေး ပေးပြီး မြေတွေ လို့ ဘီဘီစီ ကို ရှင်းပြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။