BBC navigation

ဝန်ထမ်းတွေ လစာ ကျပ်နှစ်သောင်းစီ တိုးမယ်လို့ဆို

နောက်ဆုံး ရေးသားချိန် 16 မတ်လ 2013 - 00:55 GMT

ဝန်ထမ်းတွေ လစာ နှစ်သောင်းစီ တိုးတော့မယ်

နိုင်ငံဝန်ထမ်းတွေကို လက်ရှိခံစားနေတဲ့ လစာငွေအပြင် တစ်ယောက်ကို ကျပ်ငွေ ၂သောင်းနှုန်းတိုးပေးဖို့ စီစဉ်ထားတယ်လို့ ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီး ဦးဝင်းရှိန်က ပြည်ထောင်စုလွှတ်တော်မှာ မနေ့ သောကြာနေ့တုန်းက ပြောကြားသွားပါတယ်။

၂ဝ၁၃- ၂ဝ၁၄ ခုနှစ် အစိုးရ ဘတ်ဂျက်ကို ပြင်ဆင်ပြီး ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းတဲ့အထဲမှာ အခုလို ပြောသွားတာဖြစ်တယ်။

အစိုးရက တင်သွင်းထားတဲ့ ဘတ်ဂျက်အတိုင်း လွှတ်တော်က အတည်ပြုပေးမယ့် အနေအထား ရှိတာကြောင့် ဝန်ထမ်းလစာ တိုးပေးရေးက ဖြစ်လာနိုင်ချေ ရှိတယ်လို့ အမျိုးသားလွတ်တော် အမတ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

ဘတ်ဂျက်ကို အခွန် ဝန်ကြီးက တင်တယ် ၊ ဘဏ္ဍာရေး ကော်မတီက မီးစိမ်း ပြလိုက်ရင် အတည် ဖြစ်သွားနိုင်တယ် ၊ လက်ရှိ ဝန်ထမ်း တစ်သန်း နှစ်သိန်း ရှိပြီး နေ့စားက ခုနှစ်သောင်းလောက် ရှိတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ပင်စင် အငြိမ်းစားက ခုနှစ်သိန်း ရှိပြီး ဝန်ထမ်းအားလုံးပေါင်းဟာ မြန်မာ နိုင်ငံ လူဦးရေရဲ့ တစ်ရာခိုင်နှုန်းလောက် ရှိတယ်လို့ သူက ပြောပါတယ်။

ပါမင်းနစ်လို့ ခေါ်တဲ့ အမြဲခန့် ဝန်ထမ်းတွေကို တယောက်ကို မနှစ်ကတုန်းကလိုဘဲ နှစ်သောင်းစီ တိုးပြီး နေ့စားတွေကိုတော့ ခုနှစ်ရာကျပ်စီ တိုးသွားမှာ ဖြစ်တယ်လို့ သူက ထပ်လောင်း ဆိုသွားခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။