BBC navigation

မြန်မာ သမ္မတရဲ့ သြစတြေးလျ ခရီး

နောက်ဆုံး ရေးသားချိန် 17 မတ်လ 2013 - 16:21 GMT
U Thein Sein

သြစတြေးလျ မရောက်မီ နယူးဇီလန်သို့ ဝင်ရောက်ခဲ့စဉ်

သမ္မတ ဦးသိန်းစိန် ဟာ သြစတြေးလျနိုင်ငံကို တနင်းဂနွေနေ့မှာ ရောက်ရှိပါတယ်။

သြစတြေးလျနိုင်ငံက မြန်မာကို နှစ်ပေါင်းများစွာပိတ်ဆို့ အရေးယူထားခဲ့ပြီးနောက် ပထမဆုံးအကြိမ် ရောက်လာတဲ့ မြန်မာ့ထိပ်ဆုံးခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။

မကြာခင်ရက်ပိုင်းအတွင်းမှာ သူဟာ ဝန်ကြီးချုပ် ဂျူလီယာဂေးလတ်ဒ် နိုင်ငံခြားရေးဝန်ကြီး ဘော့ဘ် ကားရ် တို့နဲ့တွေ့ဆုံဖို့လည်း ရှိပါတယ်။

ဒါပေမဲ့ သြစတြေးလျ ရောက် မြန်မာအရေးလှုပ်ရှားတဲ့ မြန်မာတိုင်းရင်းသား အဖွဲ့နဲ့ သြစတြေးလျ အလုပ်သမားသမဂ္ဂအဖွဲ့ စုစုပေါင်း ၁၅ဖွဲ့ကတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတဲ့အတွက် ဒီကိစ္စတွေကို ရပ်တန့်ရေး ဝန်ကြီးချုပ်က ပြောဆိုဆွေးနွေးပေးဖို့ တောင်းဆိုကြပါတယ်။ သူတို့အနေနဲ့ ဘယ်လို လူ့အခွင့်အရေးချိုးဖောက်မှုမျိုးကို ဆိုလိုပါသလဲ။

ဘားမား အော့ဖစ်ရဲ့ ဒါရိုက်တာ ဒေါက်တာ မြင့်ချိုကတော့ မြို့တွေပေါ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေရော၊ တိုင်းရင်းသားနယ်တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုပါ ဆိုလိုတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်မှာ အစိုးရစစ်တပ်ရဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေ၊ ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေဆီကို နိုင်ငံတကာ အကူအညီတွေ လွတ်လွတ်လပ်လပ် ပေးခွင့်မရအောင် ဟန့်တားတာတွေ၊ လယ်သမားတွေရဲ့ လယ်တွေ သိမ်းတာတွေ၊ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေကို နှိမ်နင်းဖြိုခွဲတာတွေ အားလုံးကို ရပ်စဲပေးဖို့ သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာ ဂေးလတ် ကနေ တဆင့် တောင်းဆို သွားမယ်လို့ ပြောပါတယ်။

သြစတြေးလျဟာ အစဉ်သဖြင့် မြန်မာ့ ဒီမိုကရေစီရေးကို ထောက်ခံ ဆောင်ရွက်ခဲ့သူ ဖြစ်သလို ဒေသတွင်းမှာ သူတို့ ဟာ ဒီမိုကရေစီချန်ပီယံ အဖြစ် ဂုဏ်ယူတတ်တဲ့ နိုင်ငံလည်း ဖြစ်လို့ သူတို့ တောင်းဆိုတာကို လစ်လျူရှုမှာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်း ဒေါက်တာ မြင့်ချိုက ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။