BBC navigation

၈၈ မျိုးဆက်ကို ကိုယ်စားပြုတဲ့ ပါတီပေါ်ထွက်လာမယ်

နောက်ဆုံး ရေးသားချိန် 18 မတ်လ 2013 - 01:23 GMT
8888

၈၈ မျိုးဆက်ကို ကိုယ်စားပြုတဲ့ ပါတီသစ်တခု ဒီနှစ်ထဲမှာ ထွက်ပေါ်လာမယ်လို့ ခေါင်းဆောင်တဦး ပြော

၈၈ မျိုးဆက်ကို ကိုယ်စားပြုပြီး နိုင်ငံရေးပါတီတခု ဒီနှစ်ထဲ ထွက်ပေါ်လာဖို့ ရှိတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးက ပထမဆုံးအကြိမ် ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ပြည်ပရောက် မြန်မာတွေအတွက် မြန်မာ့နိုင်ငံရေး အပြောင်းအလဲမှာ ပါဝင်ဖို့နဲ့ မြန်မာ့အပြောင်းအလဲတွေအတွက် အရေးပါတဲ့ နိုင်ငံတခုဖြစ်တဲ့ အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဌာနက မူဝါဒရေးရာ အကြံပေးတွေနဲ့ တွေ့ဖို့ အမေရိကန်ပြည်ထောင်စုမှာ ရောက်နေတဲ့ ကိုဌေးကြွယ်က ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောလိုက်တာလည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲနဲ့ လွှတ်တော်ရှိရုံနဲ့ ဒီမိုကရေစီ ရပြီလို့ မပြောနိုင်သေးဘူး၊ စစ်မှန်တဲ့ ဒီမိုကရေစီ အခြေကျအောင် အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖြစ်ထွန်းရေးအတွက် ၈၈ မျိုးဆက် တခုလုံးရဲ့ ရုန်းကန်အား တခုအနေနဲ့ စုစည်းဖို့ လိုနေလို့ နိုင်ငံရေးပါတီတခု အနေနနဲ့ ပေါ်ထွက်လာဖို့ ရှိတယ်လို့ ကိုဌေးကြွယ်က ရှင်းပြပါတယ်။

နိုင်ငံရေးကြောင့် ပြည်ပရောက်၊ လက်နက်ကိုင်၊ ဒုက္ခသည်ဖြစ် စသဖြင့် တကွဲတပြား ဖြစ်ကုန်တဲ့ ပြည်ပရောက် မြန်မာတွေအားလုံး မျက်မှောက် မြန်မာ့နိုင်ငံရေးထဲ ပါစေချင်တာဟာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေရဲ့ ဆန္ဒပါလို့လည်း သူက ပြောပါတယ်။

ဒီလို ပြည်ပရောက် မြန်မာတွေ လာနိုင်အောင်၊ ပါနိုင်အောင် အစိုးရကလည်း လုပ်ဆောင်ပေးဖို့ လိုတယ်လို့လည်း ဖြည့်စွက် ပြောပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တဦးလည်း ဖြစ်တဲ့ ကိုဌေးကြွယ်က အမေရိကန်ပြည်ထောင်စု၊ မြို့တော် ဝါရှင်တန်မှာ ရောက်နေတဲ့ မြန်မာတွေနဲ့ မျက်မှောက်နိုင်ငံရေးတွေကို ဆွေးနွေးတဲ့အခါ လက်ပံတောင်းတောင်အရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာဟာ ဘယ်နိုင်ငံရောက်ရောက် မြန်မာပဲ ဖြစ်တယ်၊ မျက်မှောက် မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေနဲ့စပ်လို့ ပြည်ပနေ မြန်မာတွေ အနေနဲ့ နည်းပညာ၊ ငွေကြေးနဲ့ တတ်ကျွမ်းထားမှုတွေ မြန်မာပြည်တွင်းမှာ ပြန်လည် မျှဝေနိုင်ဖို့ လုပ်ပိုင်ခွင့်တွေ ရဖို့ လိုတယ်လို့လည်း ကိုဌေးကြွယ်က ဘီဘီစီကို ပြောပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။