BBC navigation

ပုံနှိပ် ဥပဒေကြမ်း ဆွေးနွေးရေး ဆိုင်းငံ့

နောက်ဆုံး ရေးသားချိန် 18 မတ်လ 2013 - 15:52 GMT
A Burmese man is reading a megazine.

သတင်း စ လိုက်ချိန် ကနေ စာဖတ်သူ လက်ထဲ ရောက်ချိန် အထိ လွတ်လပ်မှု ရှိဖို့ သတင်း သမားတွေ လိုလား

ပြန်ကြားရေး ဝန်ကြီး ဌာနက မူကြမ်း ရေးဆွဲ အဆို တင်သွင်း ထားပြီး အငြင်းပွား ကန့်ကွက် မှုတွေ ရှိခဲ့တဲ့ ပုံနှိပ်သူနဲ့ ထုတ်ဝေ သူများ ဥပဒေ မူကြမ်းကို ဒီတကြိမ် လွှတ်တော်မှာ မဆွေးနွေးပဲ ရွှေ့ဆိုင်း လိုက်တယ်လို့ သိရ ပါတယ်။

ပြန်ကြားရေး ဝန်ကြီး ဌာနက ရေးဆွဲတဲ့ မီဒီယာ ဥပဒေကြမ်း အပေါ် ကန့်ကွက် သူတွေ များတဲ့ အတွက် နောင်လာမယ့် လွှတ်တော်မှာ ဆွေးနွေးဖို့ ဆိုတာ အသင့်တော်ဆုံး နည်းလမ်း ဖြစ်တယ်၊ ဇွတ်တိုး လုပ်ရင် မလိုလားအပ်တဲ့ အကျိုးတွေ ဖြစ်လာမှာ စိုးတဲ့ အတွက် ချင့်ချိန်တဲ့ သဘော ဖြစ်တယ်လို့ မြန်မာ နိုင်ငံ စာနယ်ဇင်း ကောင်စီ အဖွဲ့ဝင် တစ်ယောက် လည်းဖြစ် သတင်းစာ ဆရာ အသင်း ဒုတိယ ဥက္ကဋ္ဌ လည်း ဖြစ်တဲ့ ဦးကိုကို (စက်မှု) က ပြောပါတယ်။

ပုံနှိပ်သူနဲ့ ထုတ်ဝေသူ တချို့က ဥပဒေကြမ်းကို လက်ခံ ပေမဲ့ စာနယ်ဇင်း သမား အတော် များများ ကတော့ လက်မခံ တာ တွေ့ရတယ်လို့ သူက ပြောပါတယ်။

ပုံနှိပ် ထုတ်ဝေသူတွေက လက်ခံကြတယ် ဆိုတာက အရင်က ၆၂ ခုနှစ် ပုံနှိပ် ဥပဒေ ထက်စာရင် ပြစ်ဒဏ်တွေ အများကြီး လျော့သွားတဲ့ အတွက် လက်ခံကြတာ လို့လည်း ဦးကိုကိုက ပြောပါတယ်။

သတင်း သမားတွေ လက်မခံနိုင် တာက စာပေ လွတ်လပ်ခွင့် ဆိုတာဟာ သတင်းတွေကို စတင် စုဆောင်း ရယူတဲ့ အချိန် ကနေ ပြည်သူတွေ လက်ထဲ ရောက်တဲ့ အထိ ဖြစ်စဉ် တစ်ခုလုံး လွတ်လပ်ဖို့ လိုအပ်တယ်၊ နောက်ဆုံး အဆင့်မှာ ကန့်သတ်မှု ရှိနေမယ် ဆိုရင် လွတ်လပ် တယ်လို့ မပြော နိုင်တဲ့ အတွက် စာနယ်ဇင်း သမားတွေ ဘက်က ကန့်ကွက် နေတာ ဖြစ်တယ် လို့လည်း ဦးကိုကိုက ပြောပါတယ်။

စာပေ လွတ်လပ်ခွင့်ကို တင်းကြပ်တဲ့ စင်္ကာပူ နဲ့ မလေးရှား တို့လို နိုင်ငံမျိုးက လွဲရင် လွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံတွေမှာ ပုံနှိပ်သူနဲ့ ထုတ်ဝေသူတွေ အပေါ် ရေးယူတာ မရှိဘူးလို့ လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။