BBC navigation

မြန်မာပြည်မှာ လိုင်စင်မဲ့ နိုင်ငံခြားသားဆရာဝန်တွေရှိ

နောက်ဆုံး ရေးသားချိန် 19 မတ်လ 2013 - 00:46 GMT
rgh

မြန်မာနိုင်ငံတွင်းက နိုင်ငံခြားသား ဆရာဝန်တွေ ဆေးကုသဖို့ လိုင်စင်လိုအပ်နေ

မြန်မာ နိုင်ငံ အနှံ့ ဒေသ အသီးသီးမှာ လိုင်စင်မဲ့ နိုင်ငံခြားသား ဆရာဝန်တွေ ရှိနေ တယ်လို့ မြန်မာ နိုင်ငံ ဆေးကောင်စီက ထုတ်ပြော လိုက်ပါတယ်။

ဒါတွေကို စည်းကမ်း တကျ ရှိဖို့ ဆေးကောင်စီက နိုင်ငံခြားသား ဆရာဝန် တွေကို လိုင်စင် လုပ်ကြဖို့ နှိုးဆော်နေပါတယ်။

မြန်မာ နိုင်ငံတွင်းမှာ ဆေးကုသခွင့် လိုင်စင် ထုတ်ပေးထားတဲ့ နိုင်ငံခြားသား ဆရာဝန် အရေအတွက်က ၁၀၀ လောက်ပဲ ရှိပါတယ်။

ဘာသာရေး အဖွဲ့အစည်း တွေနဲ့ ပုဂ္ဂလိက ဆေးရုံ တွေက ခေါ်ယူပြီး ကုသနေတာ တွေလည်း ရှိပြီး အရေအတွက် တိတိကျကျ မသိရလို့ လိုင်စင်မယူဘဲ ဆေးကုသ နေတဲ့ အရေအတွက်က ပိုများ နေမယ်လို့ ဆေးကောင်စီက ပြောပါတယ်။

လက်ရှိ အခြေအနေမှာ လိုင်စင်မရှိတဲ့ နိုင်ငံခြားသား ဆရာဝန်တွေ များလာ နေသလို နောင်မှာလည်း ပိုများ လာနိုင်တဲ့ အတွက် အခုလို လိုင်စင် ယူကြဖို့ တိုက်တွန်း ရတာ ဖြစ်တယ်လို့ ဆေးကောင်စီ ဥက္ကဌ ဒေါက်တာမျိုးမြင့်က ဘီဘီစီကို ပြောပါတယ်။

နိုင်ငံခြားသား ဆရာဝန်တွေ နိုင်ငံထဲမှာ ကုသ နေရာမှာ အနောက်တိုင်း ဆေးတွေ အပြင် နိုင်ငံခြား တိုင်းရင်းဆေး တွေနဲ့ ကုသ နေတာလည်း ရှိပါတယ်။

အထူးသဖြင့် တရုတ် တိုင်းရင်းဆေး ဆရာတွေက မြန်မာနိုင်ငံက ဆရာဝန်တွေ အမည်ခံပြီး ကုသနေတဲ့ အပိုင်းတွေ ရှိတယ်လို့ ကိုယ်တိုင် ဆေးကုသမှု ခံယူခဲ့တဲ့ ဝေဒနာရှင် တဦးကလည်း ဘီဘီစီကို ပြောခဲ့ပါတယ်။

ဆေးကောင်စီရဲ့ ထုတ်ပြန်ချက် အရဆိုရင်တော့ မြန်မာ နိုင်ငံ အတွင်းမှာ လာရောက်ပြီး ဆေးကုသမှ မဟုတ်ဘဲ လူနာတွေနဲ့ တိုင်ပင် ဆွေးနွေးတာ၊ ကျန်းမာရေး ပညာပေး လုပ်ငန်းတွေ လုပ်တာ အထိ နိုင်ငံခြားသား ဆရာဝန် တွေအနေနဲ့ မြန်မာ နိုင်ငံ ဆေးကောင်စီရဲ့ ခွင့်ပြုချက် ကန့်သတ် ဆေးကုသခွင့် လိုင်စင် ယူဖို့ မဖြစ်မနေ လိုအပ်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် နိုင်ငံခြားသား ဆရာဝန် တွေအတွက် ဆေးကုသခွင့် လိုင်စင်ကြေးဟာ တစ်လကို ဒေါ်လာ ၅၀၀ ပေးရမှာ ဖြစ်ပြီး ၃ လကို ဒေါ်လာ ၁၅၀၀ ပေးရမှာ ဖြစ်လို့ မြင့်မားတဲ့ ဈေးနှုန်း ဖြစ်ပြီး ဝန်ထုတ် ဝန်ပိုး ဖြစ်နေတယ်လို့လည်း ပုဂ္ဂလိက ဆေးရုံ တွေဘက်က ပြောကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။